တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ပုန်ကန်သောင်းကျန်းမှု ခေါင်းဆောင်အဖြစ် တရားစွဲဆို ခံထိုက်တယ်လို့ အစိုးရ ရှေ့နေတွေက ဆုံးဖြတ်လိုက်ပါတယ်။
ယွန်ဟာ မအောင်မြင်ခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုရဲ့ နောက်ဆက်တွဲ အရှုပ်အထွေးတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စကြောင့် သူဟာ လွှတ်တော်မှာ တရားဝင် စွပ်စွဲပြစ်တင်မှုကို ခံရပြီး ရာထူးကနေ ဆိုင်းငံ့ ခံထားရသလို တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ ဖမ်းဆီးခြင်း ခံရတဲ့ ပထမဆုံး အာဏာလက်ရှိ သမ္မတ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုတော့ နောက်ဆက်တွဲအဖြစ် တရားရေးအရ စွဲချက်တင်မှုကိုပါ ခံလာရတာပါ။
ဇန်နဝါရီ ၂၆ ရက်နေ့မှာ တောင်ကိုရီးယား အစိုးရ ရှေ့နေတွေက ဒီဇင်ဘာ ၃ ရက်နေ့မှာ အချိန်အားဖြင့် ၆ နာရီကျော် ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို အကြောင်းပြုပြီး ယွန်ကို တရားစွဲဖို့ ထိုက်တန်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက သမ္မတရဲ့ အမိန့်နဲ့ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လွှတ်တော်ကို စီးနင်းဖို့ ကြိုးစားခဲ့ကြပေမယ့် တောင်ကိုရီးယား ပြည်သူတွေရဲ့ ဆန့်ကျင်မှု၊ လွှတ်တော်ထဲမှာ ရွေးကောက်ခံ အမတ်တွေ စုဝေးပြီး သမ္မတ အမိန့်ကို ပယ်ဖျက်တဲ့ အဆိုကို မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့မှုတွေကြောင့် စစ်အုပ်ချုပ်ရေးအမိန့် ပြန်ရုပ်သိမ်းခဲ့ရပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့၊ အစိုးရ ရှေ့နေတွေရဲ့ ကြေညာချက်မှာတော့ ယွန်ဟာ ပုန်ကန်သောင်းကျန်းတဲ့ အင်အားစုရဲ့ ခေါင်းဆောင်အဖြစ် စွဲချက်တင်လိုက်ပြီး အဲဒီအတွက် သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားမှာ ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။ အဲဒီ မတိုင်ခင်တုန်းက ယွန်ကို ဖမ်းဆီးထားတာဟာ စွဲချက် မတင်ရသေးခင် ရမန်ချုပ်ရက်နဲ့ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေခဲ့တဲ့ အဆင့်မျိုး ဖြစ်ပါတယ်။

Public Service Announcement
ယွန်ဟာ ဖမ်းဆီးခံရချိန် ကတည်းက ဆိုးလ်၊ အချုပ်ခန်းမှာ ထိန်းသိမ်း ခံထားရပေမယ့် တရားဝင် စွဲချက်တင်ပြီးပြီ ဆိုရင်တော့ အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အမှုဟာ ၆ လအတွင်း ဆုံးဖြတ် စီရင်ချက် ချနိုင်ဖို့ လိုအပ်ပါတယ်။
ယွန်ရဲ့ ရှေ့နေတွေကတော့ သမ္မတဟာ ပုန်ကန်သောင်းကျန်းမှုနဲ့ စွဲချက်တင်ခံရတာဟာ မျှတမှု မရှိဘူးလို့ တုံ့ပြန်ပြီး တရားရုံးမှာ အစွမ်းကုန် ထုချေ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ ယွန်ကြုံတွေ့နေတဲ့ စွဲချက်ဟာ တောင်ကိုရီးယားမှာ သမ္မတတစ်ဦးအတွက် ကင်းလွတ်ခွင့် မရနိုင်တဲ့ ရှားရှားပါးပါး စွဲချက် အနည်းအကျဉ်းထဲမှာ အပါအဝင် ဖြစ်ပါတယ်။
ယွန်ဟာ သူ့ရဲ့ သမ္မတ ရာထူးကနေ အပြီးတိုင် ဖယ်ရှားခံရနိုင်ခြေ ရှိမရှိ ဆိုတာနဲ့ ပတ်သက်ပြီး အခြေခံ ဥပဒေ ခုံရုံးရဲ့ စုံစမ်း မေးမြန်းမှုတွေကိုလည်း ခံယူသွားရမှာပါ။ တကယ်လို့ ခုံရုံးကသာ ယွန်ကို သမ္မတ နေရာက ဖယ်ရှားမယ်ဆိုရင် တောင်ကိုရီးယားဟာ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပပြီး သမ္မတသစ် တစ်ဦးကို တင်မြှောက်သွားရမှာ ဖြစ်ပါတယ်။
ကိုးကား: CNA
