close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အပစ်ရပ် သဘောတူညီမှု အသက်ဝင်၊ ဓားစာခံနဲ့ သုံ့ပန်း လဲလှယ်မှုတွေ စတင်

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင် အသက်ဝင်ခြင်းနဲ့အတူ နှစ်ဖက် အကျဉ်းသားတွေ လဲလှယ်မှု အစီအစဉ်တွေလည်း စတင်နေပြီ ဖြစ်ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင် အသက်ဝင်ခြင်းနဲ့အတူ နှစ်ဖက် အကျဉ်းသားတွေ လဲလှယ်မှု အစီအစဉ်တွေလည်း စတင်နေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ ညပိုင်းမှာ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က ၂၀၂၃ နှစ်ကုန်ပိုင်း ကတည်းက ဖမ်းဆီးသွားခဲ့တဲ့ ဓားစာခံတွေထဲက ၃ ဦးကို လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား ၉၀ လောက်ကို ချုပ်နှောင်ထားရာကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။

နှစ်ဖက် အကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စမှာ နိုင်ငံတကာ ကြက်ခြေနီ အသင်းလို ကြားခံ အဖွဲ့အစည်းတွေက ဝင်ရောက် ကူညီပေးနေပါတယ်။ ဂါဇာမှ လွတ်မြောက်လာသူ အစ္စရေး ဓားစာခံ ၃ ဦးကို နိုင်ငံ ပိုင်နက်ထဲထိ လုံလုံခြုံခြုံ ပြန်လည် ခေါ်ဆောင်လာနိုင်အောင် အစ္စရေးစစ်တပ် (IDF)နဲ့ အစ္စရေး လုံခြုံရေး အာဏာပိုင်အဖွဲ့ (ISA)တို့က ခြံရံ စောင့်ရှောက်ပေးခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွင်း ဟားမားစ်တွေ ပထမဆုံး ပြန်လွှတ်ပေးခဲ့တဲ့ ဓားစာခံ ၃ ယောက်စလုံးဟာ အမျိုးသမီးတွေ ဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ရိုမီ ဂိုနန်၊ အသက် ၃၁ နှစ်အရွယ် ဒေါ်ရန် စတိန်းဘရီချာနဲ့ အသက် ၂၈ နှစ်အရွယ် အီမလီ ဒါမာရီတို့ ဖြစ်ကြပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဓားစာခံတွေဟာ ဟားမားစ်တွေ လက်ထဲမှာ ၁၅ လကြာအောင် ငရဲဘုံလို ဆိုးရွားကြမ်းတမ်းတဲ့ ဘေးဒုက္ခတွေကို ကြံ့ကြံ့ခံခဲ့ကြရတယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အပစ်ရပ် သဘောတူညီမှုအရ ဟားမားစ်တွေဟာ ပထမဆုံး သီတင်း ၆ ပတ်အတွင်း အစ္စရေး ဓားစာခံ ၃၃ ဦးကို တစ်သုတ်ချင်းစီ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ပြီး အစ္စရေး နိုင်ငံသား ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ဓားစာခံ ၂၅၀ လောက်ကို ဂါဇာ ပိုင်နက်ထဲ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ ပထမအကြိမ် သီတင်း တစ်ပတ်ကြာ ယာယီ အပစ်အခတ် ရပ်စဲတုန်းက ဓားစာခံ ၁၀၀ လောက်ကို ပြန်လွှတ်ပေးပြီး ဖြစ်ပေမယ့် ကျန်တဲ့ ဓားစာခံတွေကတော့ ၁၅ လလောက်ကြာအောင် ဟားမားစ်တွေ လက်ထဲမှာ ဆက်ရှိနေခဲ့တာပါ။ ဒီအတောအတွင်း အရေအတွက် အတိအကျ အတည်မပြုနိုင်သေးတဲ့ ဓားစာခံတွေလည်း သေဆုံးခဲ့ပါတယ်။

အဲဒီနောက် အစ္စရေးက ဂါဇာမှာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာက စစ်ပွဲအစပြုခဲ့ပြီး အဲဒီ ၁၅ လအတွင်း ပါလက်စတိုင်း အရပ်သား အများအပြား အပါအဝင် ဂါဇာမှာ လူပေါင်း ၄၇၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

ကာတာ၊ အမေရိကန်စတဲ့ နိုင်ငံတွေ ကြားဝင် စေ့စပ်ပေးထားတဲ့ လက်ရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင် အသက်ဝင်ပြီး ပထမအဆင့်ဟာ ၄၂ ရက်၊ တစ်နည်းအားဖြင့် သီတင်း ၆ ပတ် ကြာမြင့်မှာပါ။ အဲဒီအတွင်း အစ္စရေး ဓားစာခံ ၃၃ ဦးနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ လွတ်မြောက်ရေးကို ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ပြီး နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်မှုတွေလည်း ရပ်စဲထားမှာပါ။ အပစ်ရပ် သဘောတူညီမှု စတင် အသက်ဝင်ချိန်မှာပဲ ဂါဇာ ကောင်းကင်ယံမှာ အစ္စရေး စစ်လေယာဉ်တွေနဲ့ ဒရုန်းတွေ လုံးဝ ပျောက်ကွယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေးရဲ့ ဒုတိယအဆင့် လျာထားချက်ဟာ ၄၃ ရက်မြောက်မှာ စတင်မှာဖြစ်ပြီး ညှိနှိုင်း ဆွေးနွေးရမယ့် အပိုင်းတွေက ပိုပြီး ခက်ခဲ ရှုပ်ထွေးနိုင်ပါတယ်။ ပြီးတော့ အပစ်ရပ် သဘောတူညီမှုကို သက်တမ်း ဆက်တိုးမလား ဆိုတာကို အဲဒီအချိန်မှာ အစ္စရေး အစိုးရက ဆုံးဖြတ်မှာပါ။ အဲဒီ အဆင့်မှာတော့ လက်ကျန် အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ အစ္စရေးတပ်တွေ ဂါဇာကနေ ဆုတ်ခွာရေးလို ကိစ္စတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

ပထမအဆင့်အတွက် ညှိနှိုင်းထားမှုတွေအတွင်း အစ္စရေးဟာ ပါလက်စတိုင်း အကျဉ်းသား ၁၇၀၀ ထက်မနည်းကို ပြန်လွှတ်ပေးမှာဖြစ်ပြီး အဲဒီထဲမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ အရပ်သား ၁၂၀၀ နီးပါးလည်း ပါဝင်မှာပါ။ ပြီးတော့ အစ္စရေး ထိန်းသိမ်းထားတဲ့ အသက် ၁၉ နှစ်အောက် လူငယ်မှန်သမျှနဲ့ အမျိုးသမီးတွေကိုလည်း အဲဒီ သီတင်း ၆ ပတ်အတွင်း အကုန်အစင် ပြန်လွှတ်ပေးဖို့ လျာထားပါတယ်။

ဒီအတောအတွင်း အစ္စရေး တပ်တွေဟာ အစ္စရေး-ဂါဇာ နယ်စပ်ကနေ ဂါဇာပိုင်နက်ထဲ မိုင်ဝက်လောက် အကွာအဝေးထိ သတ်မှတ်ထားရာ ယာယီ လုံခြုံရေး ဇုန်ထဲကို ဆုတ်ခွာထားမှာ ဖြစ်ပါတယ်။

စစ်ပွဲဟာ ဂါဇာကမ်းမြှောင်ဒေသ တစ်ခုလုံးကို ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး လူဦးရေ ၂.၁ သန်းကျော်ရှိတဲ့ ဂါဇာ ဒေသခံ အားလုံးနီးပါး စစ်ရှောင်ရတဲ့ အတွေ့အကြုံကို ရင်ဆိုင် ဖြတ်သန်းခဲ့ကြရပါတယ်။ လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီ စတင် အသက်ဝင်လာတဲ့နောက် ဂါဇာက စစ်ရှောင် ဒုက္ခသည် အမြောက်အမြားဟာလည်း နေရပ်ပြန်ခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးက မလိုက်နာဘူးဆိုရင် ယီမင် ကမ်းလွန်မှာ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေမယ်လို့ ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

၁၅ လတာ ကြာမြင့်ခဲ့တဲ့ သွေးချောင်းစီး စစ်ပွဲကြီးကို အဆုံးသတ်ဖို့ ကနဦး ခြေလှမ်းအဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်းကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဟားမားစ် ပြောက်ကျားတွေရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့လို ဆိုးရွားတဲ့ ကံကြမ္မာမျိုးကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေလည်း ကြုံတွေ့သွားနိုင်ကြောင်း အစ္စရေးက ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။