close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတဖြစ်ပြီး ၂၄ နာရီအတွင်း ထရမ့်ဘာတွေ လုပ်မလဲ

နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ ၄ နှစ်ကြာ ကင်းကွာနေတဲ့ အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိလာတော့မှာပါ။ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် လွှတ်တော် အဆောက်အအုံ ကက်ပီတိုလ်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့အခါ ထရမ့်ဟာ အမေရိကန် သမ္မတ တာဝန်ကို ဒုတိယ အကြိမ်မြောက် ထမ်းဆောင်မှာဖြစ်ပြီး သူ့ရဲ့ သမ္မတနေ့ရက်တွေ အစပြုချိန်မှာ ဘာတွေလုပ်မလဲ ဆိုတာကို အမေရိကန် ပြည်သူတွေသာ မကဘဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေမှာပါ။

နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ ၄ နှစ်ကြာ ကင်းကွာနေတဲ့ အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိလာတော့မှာပါ။ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် လွှတ်တော် အဆောက်အအုံ ကက်ပီတိုလ်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့အခါ ထရမ့်ဟာ အမေရိကန် သမ္မတ တာဝန်ကို ဒုတိယ အကြိမ်မြောက် ထမ်းဆောင်မှာဖြစ်ပြီး သူ့ရဲ့ သမ္မတနေ့ရက်တွေ အစပြုချိန်မှာ ဘာတွေလုပ်မလဲ ဆိုတာကို အမေရိကန် ပြည်သူတွေသာ မကဘဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေမှာပါ။ ထရမ့်က သမ္မတဘဝ ပထမဆုံး ၂၄ နာရီအတွင်း လုပ်ဆောင်မယ့် ကိစ္စတွေအကြောင်း အာပေါင်အာရင်းသန်သန် ပြောဆိုထားပြီး ဖြစ်သလို လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ကျင့်သုံးထားတဲ့ မူဝါဒ တော်တော်များများကိုလည်း ပြင်ဆင်ပါလိမ့်မယ်။ ဒီတော့ ထရမ့်တစ်ယောက် အိမ်ဖြူတော် ရောက်ရောက်ချင်း ဘာတွေ လုပ်မလဲ ဆိုတာကို အခုလို မှန်းဆကြည့်နိုင်ပါတယ်။

ထရမ့်က သူဟာ သမ္မတရာထူး လက်ခံပြီးတာနဲ့ ဦးစားပေး အဆင့်အဖြစ် တင်းမာ ပြတ်သားတဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို အသက်သွင်းမယ်လို့ ပြောကြားထားပါတယ်။ အခြေခံ အကျဆုံး လုပ်ဆောင်ချက် တစ်ခုကတော့ အမေရိကန်ကို အထောက်အထားမဲ့ ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို မြေလှန်ရှာဖွေ ဖမ်းဆီးပြီး ပြည်နှင်မယ့် ကိစ္စပါ။ ထရမ့်ဟာ အဲဒီ အမိန့်ကို ဘဲဥပုံ ရုံးခန်းထဲမှာ လက်မှတ်ထိုး အတည်ပြုဖို့ အရမ်း အာသီသ ပြင်းပြနေပါတယ်။ ခန့်မှန်းချက်တွေအရ အမေရိကန်မှာ အထောက်အထားမဲ့ ခိုလှုံနေသူ အနည်းဆုံး ၁၁ သန်းရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေအတွက် မျက်ခုံးလှုပ်စရာ ဖြစ်လာပါတယ်။

ထရမ့်ရဲ့ နောက်ထပ် လူဝင်မှု ကြီးကြပ်ရေး မူဝါဒ တစ်ခုကတော့ ရွှေ့ပြောင်း အခြေချသူတွေရဲ့ ကလေးတွေ အမေရိကန်မှာ မွေးဖွားတဲ့အခါ အလိုအလျောက် အမေရိကန် နိုင်ငံသား ဖြစ်ခွင့်ပေးထားတာကို ပယ်ဖျက်ဖို့ပါ။ ထရမ့်က အဲဒီ ဥပဒေကို ပြင်ဆင်ဖို့ အရမ်း စိတ်ထက်သန်နေပြီး သမ္မတဘဝ ပထမဆုံးနေ့မှာတင် အပြောင်းအလဲတွေ စလုပ်မယ်လို့ ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် ဆက်စပ်တဲ့ မူဝါဒ အပြောင်းအလဲအဖြစ် သမ္မတ ဘိုင်ဒန် လက်ထက်တုန်းက နယ်စပ်ရေးရာ မူဝါဒတွေကို ထရမ့်က အိမ်ဖြူတော် ပြန်ရောက်တဲ့ နေ့မှာတင် ပြောင်းပစ်ပါလိမ့်မယ်။ သူက ဘိုင်ဒန် ပြဋ္ဌာန်းထားသမျှ နယ်စပ်ရေးရာ မူဝါဒ မှန်သမျှကို ပယ်ဖျက်မယ်လို့ကို အတိအလင်း ပြောထားပါတယ်။

ထရမ့်အတွက် အရေးတကြီး ထပ်လုပ်မယ့် ကိစ္စတစ်ခုကတော့ အမေရိကန်လွှတ်တော် စီးနင်းမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထောင်ဒဏ် ကျခံရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုဖို့ပါပဲ။ ဒီအကြောင်းကို ထရမ့်က အကြိမ်ကြိမ် ပြောထားပြီးသားပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့် အရေးနိမ့်ခဲ့တာကို မကျေနပ်တဲ့အတွက် သူ့ကို အစွန်းရောက် ထောက်ခံသူတွေက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ လွှတ်တော်ကို စီးနင်းခဲ့ပြီး ရွေးကောက်ပွဲရလဒ် အတည်ပြုမယ့် ကိစ္စကို ဟန့်တားဖို့ ကြိုးစားခဲ့ပါတယ်။ လွှတ်တော်ကို ကျူးကျော် တိုက်ခိုက်ခဲ့မှုမှာ အဓိက ဦးဆောင် ပါဝင်ခဲ့သူတွေ ဖမ်းဆီးခံထားရပေမယ့် ထရမ့်ကတော့ အိမ်ဖြူတော်ဆီ သူပြန်ရောက်ပြီး ၉ မိနစ်အတွင်း အဲဒီတရားခံတွေကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် လက်မှတ်ထိုးပေးမယ်လို့ ပြောကြားထားပါတယ်။ လွှတ်တော် စီးနင်းမှုနဲ့ ပတ်သက်လို့ တရားစွဲဆို ခံရသူ ၁၅၈၀ ကျော်ရှိပြီး ၁၂၇၀ ကျော်က ပြစ်ဒဏ်တွေ အသီးသီး ချမှတ် ခံထားရပါတယ်။ အဲဒီထဲမှာ ထောင်ဒဏ် စီရင်ချက်ကို ရှောင်လွှဲနိုင်ခဲ့သူ ၇၀၀ ကျော် ပါဝင်ပါတယ်။

ထရမ့်ရဲ့ ကြိုတင် ပြောဆိုမှုတွေအရ သမ္မတသက်တမ်း ပထမဆုံး ၂၄ နာရီအတွင်း မဖြစ်မနေ လုပ်ဆောင်မယ့် နောက်ထပ် ကိစ္စတစ်ခုကတော့ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်နေပါတယ်။ ထရမ့်က ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးကို သူသမ္မတဖြစ်ပြီး ၂၄ နာရီအတွင်း အကောင်အထည် ဖော်မယ်လို့ ကြုံးဝါးထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောပါဘူး။ သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရော၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုပါ ကောင်းကောင်းသိကြောင်း၊ သူ့ကို အဲဒီ ခေါင်းဆောင်နှစ်ယောက်က ပေးတဲ့ လေးစားမှုမျိုး ဘိုင်ဒန်က မရခဲ့ကြောင်းလည်း ထရမ့်က ဆိုပါတယ်။ လေ့လာသူတွေကတော့ ထရမ့်ဟာ စစ်ပွဲရပ်ဆိုင်းရေးကို ဦးစားပေးတဲ့ အနေနဲ့ ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေ အဆုံးရှုံးခံပေးဖို့ ယူကရိန်းကို ဖိအားပေးလာနိုင်တယ်လို့လည်း သုံးသပ် ပြောဆိုနေကြပါတယ်။

ထရမ့်ရဲ့ ပထမဆုံး သမ္မတသက်တမ်း ၂၄ နာရီအတွင်း ထပ်မြင်ရမယ့် အပြောင်းအလဲတွေကတော့ အခွန်စည်းကြပ်မှု အပြောင်းအလဲတွေပါပဲ။ ထရမ့်ဟာ နိုင်ငံတကာ ကုန်သွယ်ရေးမှာ အမေရိကန်ဖက်က နစ်နာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက နိုင်ငံတချို့ရဲ့ သွင်းကုန်တွေအပေါ် အခွန်တွေ မြှင့်တင် စည်းကြပ်ခဲ့ပါတယ်။ အခုတစ်ကြိမ် သမ္မတ ဖြစ်လာချိန်မှာလည်း ပထမဆုံး ၂၄ နာရီ အတောအတွင်း အိမ်နီးချင်း မက္ကဆီကိုနဲ့ ကနေဒါဆီက သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်မယ့် အမိန့်ကို လက်မှတ်ရေးထိုးမယ်လို့ ထရမ့်က ကတိပေးထားပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ သူ့ရဲ့ သမ္မတ အထူးအမိန့်သစ်တွေ တော်တော်များများကို လက်မှတ်ရေးထိုး အတည်ပြုမှာဖြစ်ပြီး အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက် နှစ်နိုင်ငံအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့် စည်းကြပ်မယ့် ကိစ္စလည်း ပါဝင်မယ်လို့ ထရမ့်က ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

၂၀၂၁ တုန်းက ဘိုင်ဒန်ဟာ ၂၀၃၀ ပြည့်နှစ်ကျရင် အမေရိကန်မှာ ရောင်းချသမျှ ကားတွေ၊ ထရပ်ကား အသစ်တွေ အားလုံးက ကာဘွန်ညစ်ညမ်း ဓာတ်ငွေ့ ထုတ်လွှတ်မှု သုညမှတ်ထိ ကျဆင်းတဲ့ မော်ဒယ်လ်တွေ ဖြစ်စေရမယ်ဆိုတဲ့ အထူးအမိန့်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ တစ်နည်းအားဖြင့် အဲဒီအချိန်ရောက်ရင် အမေရိကန်မှာ ရောင်းချသမျှ ကားအသစ် မှန်သမျှဟာ သန့်စင်စွမ်းအင်လို့ ပြောရမယ့် လျှပ်စစ်နဲ့ ဟိုက်ဒရိုဂျင် လောင်စာတွေ အသုံးပြုတဲ့ အမျိုးအစားတွေချည်း ဖြစ်နေမှာပါ။ ရုပ်ကြွင်းလောင်စာ အသုံးပြုရေးကို အားပေးတဲ့ ထရမ့်ကတော့ သမ္မတ ဖြစ်ပြီး နာရီပိုင်းအတွင်း ဘိုင်ဒန်လက်ထက်က အမိန့်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ဒါတင် မကသေးဘဲ ထရမ့်ဟာ အမေရိကန် အနှံ့မှာ ရေနံတွင်းတွေ ပိုမိုတူးဖော်ဖို့ အားပေးထောက်ခံပြီး အဲဒီ ရည်ရွယ်ချက် အထမြောက်စေမယ့် အထူးအမိန့်တွေကိုပါ သမ္မတသက်တမ်း ပထမဆုံးနေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ရုပ်ကြွင်းလောင်စာ မြှင့်တင် သုံးစွဲမှုတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ညစ်နွမ်းစေတယ် ဆိုရင်တောင်မှ ပြည်တွင်းမှာ စွမ်းအင် စရိတ်တွေကို အများကြီး လျှော့ချနိုင်လိမ့်မယ်လို့ ထရမ့်က တစိုက်မတ်မတ် ပြောဆိုထားပါတယ်။

ထရမ့်ရဲ့ ပထမဆုံးနေ့မှာ လက်မှတ်ရေးထိုးမယ့် အမိန့်တွေ၊ မူဝါဒတွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး မူဝါဒတွေသာ မကဘဲ အားကစား နယ်ပယ်ထိတောင် ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ သူက လိင်ပြောင်းလဲ ခွဲစိတ်မှု ခံယူထားတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေလို့သာ သတ်မှတ်သင့်တယ်လို့ ခိုင်ခိုင်မာမာ ပြောကြားထားပြီး အဲဒီလို လိင်ပြောင်းထားသူတွေက အမျိုးသမီး အားကစားနည်းတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင် ထိထိရောက်ရောက် တားမြစ်မယ်လို့ ကတိပေးထားပါတယ်။ ပြီးတော့ စည်းမျဉ်း အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ကြပ်မတ်စေဖို့ အထူးအမိန့်ကိုလည်း သမ္မတဘဝ ပထမဆုံးနေ့မှာ ထရမ့်က လက်မှတ်ရေးထိုး ကြေညာသွားနိုင်ခြေ ရှိပါတယ်။

ထရမ့်ဟာ လိင်တိမ်းညွတ်မှု ကွဲပြားတဲ့ LGBT အသိုက်အဝန်းအပေါ် နှစ်လိုတဲ့ သဘောထားမျိုး မရှိတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ သူဟာ ဘိုင်ဒန် လက်ထက်တုန်းက လိင်တိမ်းညွတ်မှု ကွဲပြားတဲ့ သက်ဆိုင်ရာ ကုထုံးတွေ အထောက်အပံ့ ပေးထားတဲ့ အစိုးရ မူဝါဒကိုလည်း ဇန်နဝါရီ ၂၀ ရက်နေ့မှာတင် ရပ်စဲပါလိမ့်မယ်။ ဒါကြောင့် ဟိုမုန်းကုထုံးလို ဝန်ဆောင်မှုတွေဟာ ထရမ့်လက်ထက်မှာ အစိုးရဆီကနေ ရနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် ဘိုင်ဒန်လက်ထက်မှာ တိုးတက်တဲ့ မူဝါဒ အပြောင်းအလဲတွေအဖြစ် သတ်မှတ်ခံရတဲ့ အရွေ့ တော်တော်များများကို ထရမ့်က နောက်ကြောင်းပြန်လှည့်ပါလိမ့်မယ်။ ထရမ့်ဟာ အမေရိကန်သာ အဓိကဆိုတဲ့ မူဝါဒကို အထပ်ထပ် ကြွေးကြော်ရင်း လွန်လွန်ကဲကဲ လက်တွေ့ ကျင့်သုံးနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ဖြူတော် တကျော့ပြန်ခရီး ပထမဆုံး ၂၄ နာရီဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို အသားပေးပြီး တခြားနိုင်ငံတွေအတွက် နစ်နာမှုတွေ မြင်လာရမယ့်၊ ဘိုင်ဒန်လက်ထက်က မူဝါဒတွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်မယ့် ကာလ အပိုင်းအခြားမျိုး ဖြစ်လာမှာ အသေအချာပါပဲ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ တစ်ခုဖြစ်တဲ့ TikTokကို အမေရိကန်မှာ အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။

နိုင်ငံတကာ

ကျူးဘားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် စာရင်းသွင်း သတ်မှတ်ထားမှုကနေ ဖယ်ရှားပေးသွားမယ်လို့ အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံရဲ့ လော့စ်အန်ဂျလိစ်မြို့မှာ အပြင်းအထန် ကူးစက် လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၄ ဦးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

သတင်း

အမေရိကန်က ထောက်ခံ အားပေးတဲ့ စစ်တပ်ခေါင်းဆောင်ဟာ လက်ဘနွန် သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့နောက် နိုင်ငံရဲ့ နှစ်တွေနဲ့ချီ ကြာမြင့်တဲ့ သမ္မတလက်မဲ့ ဖြတ်သန်းမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။