တရုတ်နိုင်ငံရဲ့ လူဦးရေဟာ သုံးနှစ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ် အကုန်မှာ တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၁.၄၀၈ ဘီလီယံ ရှိခဲ့ပြီး အဲဒီမတိုင်ခင် တစ်နှစ်က ၁.၄၀၉ ဘီလီယံ ရှိခဲ့ပါတယ်။ တစ်နှစ်အတွင်း တရုတ်မှာ လူဦးရေ ၁.၃၉ သန်း ကျဆင်းသွားခဲ့တယ်လို့ အမျိုးသား အချက်အလက်မှတ်တမ်း ဗျူရိုရဲ့ စာရင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့က စာရင်းတွေအရ ကမ္ဘာပေါ်မှာ လူဦးရေ ဒုတိယ အများဆုံး နိုင်ငံကြီးဟာ သုံးနှစ်ဆက်တိုက် လူဦးရေ ကျဆင်းမှုတွေ ကြုံနေရပြီ ဆိုတာကို အတည်ပြုလို့ ရလာခဲ့ပါတယ်။ အဲဒီ အခြေအနေက တရုတ်ရဲ့ သုံးစွဲသူနဲ့ လုပ်သားရင်းမြစ်ကို လျော့ပါးစေပြီး စီးပွားရေးအရ အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
လတ်တလောမှာတောင် ရှိရင်းစွဲ အကြွေးတွေနဲ့ ပိနေတဲ့ ပြည်နယ်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေဟာ သက်ကြီး စောင့်ရှောက်ရေး စရိတ်တွေ ကြီးမြင့်လာမှု၊ ပင်စင်ခံစားခွင့် စတာတွေအတွက် ပိုပြီး ဝန်ထုပ်ဝန်ပိုး ကြီးမားလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

Public Service Announcement
လူဦးရေ ကျဆင်းလာပေမယ့် တစ်နှစ်အတွင်း တရုတ်မှာ ကလေးမွေးဖွားမှုဟာ ၉.၅၄ သန်း ရှိခဲ့တာကြောင့် ၂၀၂၃ ခုနှစ်တုန်းက ၉.၀၂ သန်းသာ ရှိခဲ့ရာကနေ တက်ရိပ် ပြန်ပြလာခဲ့တယ်လို့ ဗျူရိုက ဆိုပါတယ်။ ကလေးမွေးဖွားနှုန်းဟာ ၂၀၂၄ ခုနှစ်မှာတော့ လူ ၁၀၀၀ မှာ ၆.၇၇ ယောက် ရှိလာပြီး ၂၀၂၃ တုန်းကဆိုရင် လူ ၁၀၀၀ မှာ ၆.၃၉ ယောက်သာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
၁၉၈၀ ကနေ ၂၀၁၅ ခုနှစ်ထိ တရုတ် အစိုးရက ကျင့်သုံးခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒနဲ့ မြို့နေ လူတန်းစား ပိုမိုများပြားလာခြင်းတွေက တရုတ်ရဲ့ မွေးဖွားနှုန်းကို ဆယ်စုနှစ်တွေနဲ့ချီ အကျဖက် ဦးတည်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာတော့ တရုတ်ဟာ ဆယ်စုနှစ် တော်တော်များများအတွင်း ပထမဆုံးအကြိမ် နှစ်အလိုက် လူဦးရေ ကျဆင်းမှုတွေကို စတင် ကြုံလာရပြီး ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း အိမ်နီးချင်း အိန္ဒိယဆီ လွှဲပေးခဲ့ရပါတယ်။
ကလေးတွေကို ပျိုးထောင်စရိတ်၊ ပညာရေးစရိတ်တွေ ကြီးမားတာ၊ မိသားစုတွေရဲ့ အလုပ်အကိုင် ရေရာမှု မရှိတာ၊ နိုင်ငံစီးပွားရေး တိုးတက်မှု နှေးကွေးလာတာတွေက တရုတ် လူငယ်စုံတွဲတွေ လက်ထပ်ပြီး မိသားစုဘဝ ထူထောင်ဖို့၊ ကလေးယူဖို့ကို တွန့်ဆုတ်စေခဲ့ပါတယ်။ လိင်ခွဲခြား ဆက်ဆံမှုနဲ့ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ ရှေးရိုးစွဲ အမြင်တွေကလည်း အဲဒီ ပြဿနာကို ပိုဆိုးရွားစေတယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။
ကိုဗစ် ကပ်ရောဂါ ကာလတုန်းက ရွှေ့ဆိုင်းထားခဲ့တဲ့ မင်္ဂလာပွဲတွေကြောင့် ၂၀၂၃ ခုနှစ်တုန်းက တရုတ်မှာ လက်ထပ် ထိမ်းမြားမှုဆိုင်ရာ ကိန်းဂဏန်းတွေက ပြန်လည် မြင့်တက်လာပြီး ၂၀၂၄ ခုနှစ်မှာ ကလေးမွေးဖွားနှုန်းကလည်း အတက်ပြန်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၅ ခုနှစ် အကုန်မှာ ကလေးမွေးဖွားနှုန်းရော၊ လက်ထပ်တဲ့ အရေအတွက်ပါ အကျဖက် ပြန်ဦးတည်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။
ကိုးကား: CNA
