နိုင်ငံပိုင် အမျိုးသား လေကြောင်းလိုင်းရဲ့ ကြော်ငြာ ဒီဇိုင်းတစ်ခုဟာ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးကို အမှတ်ရအောင် လှုံ့ဆော်ထားကြောင်း ဝေဖန်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖို့ ပါကစ္စတန် ဝန်ကြီးချုပ်က ညွှန်ကြားထားလိုက်ပါတယ်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တုန်းက အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေဟာ ခရီးသည်တင် လေယာဉ်တချို့ကို အပိုင်စီးပြီး အမေရိကန်မှာရှိတဲ့ အရေးပါတဲ့ ပစ်မှတ်နေရာ တချို့ကို အသေခံ ဝင်တိုက်စေခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေထဲမှာမှ နယူးယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (WTC) မျှော်စင် အဆောက်အအုံကို လေယာဉ်နှစ်စီးက ဝင်တိုက်ခဲ့လို့ အဆောက်အအုံ ပြိုကျသွားတာဟာ သမိုင်းဝင် ပုံရိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (PIA)က ပါရီမြို့ဆီ ပျံသန်းပြေးဆွဲမယ့် ခရီးစဉ် စတင်မှုကို ကြော်ငြာရာမှာ ခရီးသည်တင် လေယာဉ်တစ်စီးက ပါရီရဲ့ အထင်ကရ အဆောက်အအုံဖြစ်တဲ့ အိုင်ဖယ်လ်မျှော်စင်ဆီ တည့်တည့်ကြီး ပျံသန်းနေပုံမျိုး ဖန်တီးထားပါတယ်။ အဲဒီပိုစတာဟာ 9/11 ဖြစ်ရပ်ဆိုးကို ပြန်လည် ထင်ဟပ်စေကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အဲဒီ ကြော်ငြာပိုစတာကို လူမှုကွန်ရက်ပေါ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့က ဖြန့်ဝေလိုက်ချိန် ကတည်းက အတော်လေး လူပြောများနေပြီး တချို့ကလည်း ရယ်ပွဲဖွဲ့ လှောင်ပြောင်နေပါတယ်။ ပိုစတာထဲမှာတော့ ‘ပါရီရေ၊ ဒီနေ့ ငါတို့လာနေပြီ’ဆိုတဲ့ စာသားကိုလည်း ရေးထိုးထားပါသေးတယ်။

Public Service Announcement
ကြော်ငြာ ပိုစတာရဲ့ ရည်ရွယ်ချက်ဟာ PIA အနေနဲ့ လုံခြုံရေး စံနှုန်း ပြဿနာတွေကြောင့် ဥရောပဆီ တိုက်ရိုက် ပျံသန်း ပြေးဆွဲခွင့် ၄ နှစ်ကြာ ပိတ်ပင် ခံထားခဲ့ရာကနေ ကင်းလွတ်ခွင့် ရလာတာကို ရည်ရွယ်ထားတာ ဖြစ်ပေမယ့် ဒီဇိုင်းအရ အငြင်းပွားစရာတွေ ဖြစ်လာခဲ့တာပါ။
ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးဖို့ လက်အောက်ခံ တာဝန်ရှိသူတွေကို အမိန့်ပေး ညွှန်ကြားထားလိုက်ကြောင်း ပြောပါတယ်။ အထူးသဖြင့် အငြင်းပွားစရာ ဖြစ်နိုင်လောက်တဲ့ ကြော်ငြာဒီဇိုင်းကို PIAက ဘာကြောင့် ခွင့်ပြုခဲ့သလဲ ဆိုတဲ့အပေါ် လူထုကို ရှင်းရှင်းလင်းလင်း အသိပေးဖို့ လိုတယ်လို့ ရှရစ်ဖ်က ဆိုပါတယ်။
PIAရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပါရီကို ပထမဆုံးအကြိမ် တိုက်ရိုက် ပျံသန်းခဲ့တဲ့ ခရီးစဉ်မှာ ခရီးသည် ၃၀၀ ကျော် စီးနင်းလိုက်ပါခဲ့တယ်လို့ သိရပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက PIA လေယာဉ်တစ်စီးဟာ ပါကစ္စတန် တောင်ပိုင်း၊ ကရာချိမြို့မှာ ပျက်ကျလို့ လူ ၉၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ဥရောပ နိုင်ငံတွေဆီ PIAရဲ့ တိုက်ရိုက် ပြေးဆွဲ ပျံသန်းမှုကို လုံခြုံရေး စံနှုန်းတွေအရ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Sky News
