ဇော်ထိန်/People’s Spring
တိုက်ပွဲများအတွင်း ထွက်ပြေးနေသည့် မချမ်းဘောမြို့နယ်အခြေစိုက်အမှတ် ၁၃၇ ခြေလျင်တပ်ရင်း( ခလရ ၁၃၇) ၏တပ်ရင်းမှူးအား KIA၊ KPDF က အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။
ခလရ (၁၃၇)တပ်ရင်းမှူးသည် ဆွမ်ပရာဘွမ်မြို့ရှိ အမှတ် ၄၆ ခြေလျင်တပ်ရင်း( ခလရ၄၆)၌ သွားရောက်တိမ်းရှောင်နေရာမှ ခလရ(၄၆)ကိုပါ KIA နှင့် KPDF တို့က ထပ်မံတိုက်ခိုက်ပြီးနောက် ထွက်ပြေးနေခြင်းဖြစ်သည်။
ပူတာအို KPDF က ပူတာအိုနှင့် ဆွမ်ပရာဘွမ်လမ်းပိုင်းတနေရာ၌ မေလ ၂၇ရက်နေ့ တွင် ဖမ်းမိခြင်းဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် နီးစပ်သူ People’s Spring ကို ပြောသည်။

Public Service Announcement
“လွတ်မလားလို့ပြေးနေရင်းနဲ့ ဖမ်းမိတာ။ တနယ်လုံးကို မြေပြင်ကနေ စိုးမိုးထားတာပါ။ လွတ်လမ်းမရှိပါဘူး” ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ(၄၆)ကို KIA၊ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့စဉ် ယင်းတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေကြခြင်းဖြစ်သည်။
တပ်ရင်းမှူးအပြင် အခြားဖမ်းမိထားသော စစ်ကောင်စီတပ်သားများလည်း ရှိကြောင်း သတင်းရရှိသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။ ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးနေကြောင်းလည်း မြေပြင်သတင်းရင်းမြစ်အချို့ကပြောသည်။
ဖမ်းမိထားသည့် တပ်ရင်းမှူးသည် တစ်လနီးပါးကြား ထွက်ပြေးနေရသေးကြောင့် အစာရေစာပြတ်လပ်နေပြီး ကျန်းမာရေး အခြေအနေဆိုးရွားနေ၍ ဆေးကုပေးနေရကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်စခန်းများနှင့် ထွက်ပြေးစစ်သားများကိုတိုက်ခိုက်နေစဥ် တော်လှန်ရေးတပ်များက မြစ်ကြီးနား-ပူတာအိုလမ်းပိတ်ထားခြင်းမှာ ထွက်ပြေးစစ်သားများက တွေ့ရာပြည်သူများကို ဖမ်းဆီးပစ်ခတ်အကြမ်းဖက်လေ့ရှိသဖြင့် ပြည်သူများအသက်အန္တရာယ်မကျရောက်စေရန် ဖြစ်ကြောင်း စစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။ ထွက်ပြေးစစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးရှင်းလင်းနေစဥ် လမ်းပိတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းများတက်နေသည့်အပေါ် သည်းခံပေးရန်လည်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြားရှိ စိန်လုံဗျူဟာကို KIAနှင့် ပူးပေါင်းတပ်က သိမ်းယူစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီဗျူဟာမှူးကို လမ်းဘေးရှိ ဖရဲသီးစိုက်ခင်းအတွင်း ပြန်လည်ဖမ်းမိခဲ့သည်။ ထိုသို့ဖမ်းမိစဉ် KIA ရဲဘော်များက မေးမြန်းရာ ကြောက်လို့ ထွက်ပြေးနေခြင်းဟု ဗျူဟာမှူးက ပြန်ဖြေခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။
