မေ-၂၈၊၂၀၂၆။သတိုး/People’s Spring
စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တိုက်တွန်းလိုက်ပါတယ်။
“ အခုလာမဲ့ ဇွန်လမှာ ကျွန်တော့်မေမေ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ အနေနဲ့ မေမေ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုမှာ ပါဝင်ပေးပါ။ခြေလှမ်း ၈၁၀၀၀ လျှောက်လို့ရပါတယ်။ကီလိုမီတာ ၈၁ ပြေးနိုင်ပါတယ်။မိုင် ၈၁ စက်ဘီးစီးလို့လည်းရပါတယ်။ဒါမှမဟုတ် ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့နည်းတစ်ခုခုနဲ့ ပါဝင်နိုင်ပါတယ်။” လို့ မေ ၂၈ ရက်ညမှာကင်မ်ကဗီဒီယိုဖိုင်နဲ့တောင်းဆိုထားပါတယ်။
ဇွန် ၁၉ ရက်မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက်လူထုလှုပ်ရှားမှုတွေကို ဇွန် ၁ ရက်နေ ၁၉ ရက်အတွင်းပြုလုပ်ဖို့ တောင်းဆိုထားတာပါ။

Public Service Announcement
“ အာဏာလုပြီး ငါးနှစ်ကျော်ကြာပြီးနောက်မှာတောင် မေမေသက်ရှိထင်ရှားရှိနေသးရဲ့လား ဆိုတဲ့ လွတ်လပ်စွာ အတည်ပြုထားတဲ့ သက်သေကို တစ်ကမ္ဘာလုံး သိခွင့်မရသေးပါဘူး” လို့ ကင်မ်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဧပြီ ၃၀ ရက်မှာ နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ရွှေ့ပြောင်းခဲ့တယ်လို့ သာသတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာထားရှိတယ်ဆိုတာမသိရပါဘူး။ဒါ့အပြင် ဓာတ်ပုံ ၁ပုံသာထုတ်ပြန်ထားပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တလောအခြေအနေကိုလည်း မသိရသေးပါဘူး။
သတ်မှတ်ထားတဲ့နေအိမ်ကိုပြောင်းရွှေ့တဲ့ဆိုတဲ့ထုတ်ပြန်ချက်မှာ ဓာတ်ပုံ ၁ပုံ ပါဝင်ပေမယ့် ဘယ်အချိန် ဘယ်နေရာမှာ ရိုက်ကူးထားတယ်ဆိုတာ ဘယ်သူမှ အတည်မပြုနိုင်ပါဘူး။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့ ပြည်သူတွေက Proof Of Life ကမ်ပိန်းကို ဧပြီ ၂၁ရက်ကစတင်ပြီး တောင်းဆိုမှုတွေ ပြုလုပ်နေတာပါ။ ဒါပေမယ့်စစ်တပ်ကတော့ တိကျထင်ရှားတဲ့ သက်သေထုတ်ပြခြင်းမျိုးမရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေနေ့မှာလည်းသားဖြစ်သူ ကင်မ်အပါအဝင် ပြည်သူတွေက ၈၀ နဲ့ သက်ဆိုင်တဲ့ လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။



















































