မေ ၂၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။
ပခုက္ကူမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးလာခဲ့ရာ မြို့ပေါ်နဲ့ အခြားနေရာတွေမှာ နေထိုင်နေကြောင်း၊ အဲဒီလို နေထိုင်နေတဲ့ ပြည်သူတွေကို ယခု မေလ တတိယပတ်အတွင်းမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးတာ၊ ခြိမ်းခြောက်ပြီး ကျပ်သိန်းရာဂဏန်းအထိ တောင်းယူနေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ မိသားစု နှစ်စုသုံးစုလောက် ငွေညှစ်ခံရတယ်။ ရပ်ကွက်အတိအကျ ပြောလို့မရဘူး” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့ကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့အန္တရာယ်ကို ကြိုတင်ပြင်ဆင်ပြီးမှ ရှောင်ကြဖို့ပခုက္ကူလူထုတိုက်ပွဲကော်မတီက သတိပေးထားပါတယ်။
ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာအများအပြားက ပြည်သူတွေ တိမ်းရှောင်နေရပြီး ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ကျေးရွာ ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့ပေါ်မှာ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။


















































