-ထက်ဖြိုးရေးသားသည်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမနီတို့ စစ်ရှုံးချိန်တွင် မဟာမိတ်နိုင်ငံများဖြစ်သည့် ဆိုဗီယက်ယူနီယံက တစ်ဖက်၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က တစ်ဖက် ဂျာမနီနိုင်ငံကို အရှေ့နှင့်အနောက် နှစ်ခြမ်းခွဲဝေ အုပ်ချုပ်ခဲ့ကြသည်။
ထို့အပြင် အရှေ့ဂျာမနီနယ်မြေအတွင်း ရောက်ရှိနေသော မြို့တော်ဘာလင်ကိုလည်း နှစ်ပိုင်းထပ်မံခွဲခြားကာ ၁၉၆၁ ခုနှစ် ဩဂုတ်လတွင် သံဆူးကြိုးများ နှင့် ကွန်ကရစ်တံတိုင်းများ အလယ်တည့်တည့်မှ ကာရံပိတ်ဆို့လိုက်ကြသည်။ “ဘာလင်တံတိုင်း”ဟု ကမ္ဘာကျော်ခဲ့သည့် ထိုတံတိုင်းကြီးကြောင့် ဂျာမန်လူမျိုးတို့၏ မိဘနှင့်သားသမီး၊ မောင်နှမ နှင့် သွေးချင်းညီအစ်ကိုတို့သည် နေ့ချင်းညချင်းပင် ကမ္ဘာ့တစ်ဖက်တစ်ခြမ်းစီသို့ အဓမ္မခွဲထုတ်ခြင်း ခံလိုက်ရသည်။ ၎င်းသည် တစ်နိုင်ငံတည်းသားချင်းနှင့် မိသားစုများအကြား သွေးခွဲခဲ့သည့် စစ်အေးတိုက်ပွဲ၏ အဆိုးရွားဆုံး လူသားမျိုးနွယ်ဆိုင်ရာ အမှတ်လက္ခဏာတစ်ခု ဖြစ်ခဲ့သည်။
နှစ်ပေါင်း ၆၀ ကျော် ကြာပြီးနောက် ယခုအခါ အလားတူ သမိုင်းဆိုးတစ်ခုသည် အာရှတိုက်၏ ဟိမဝန္တာတောင်တန်း အရှေ့ဘက်စွန်း၊ မြန်မာနှင့် အိန္ဒိယ နယ်စပ်တစ်လျှောက်ရှိ နာဂတောင်တန်းများပေါ်တွင် အရိပ်မည်းအဖြစ် ထပ်မံကျရောက်လာနေပြီ ဖြစ်သည်။နာဂဒေသသည် စစ်ကိုင်းတိုင်းမြောက်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အိန္ဒိယနှင့် မြန်မာနိုင်ငံကို ခွ၍နေထိုင်ကြသော လူမျိုးများဖြစ်သည်။

Public Service Announcement

အိန္ဒိယ နှင့် မြန်မာနိုင်ငံဟူသော နိုင်ငံတော် နယ်နိမိတ်များမသတ်မှတ်ခင်၊ပထဝီနိုင်ငံရေးမြေပုံများ မပေါ်ထွန်းခင်ကတည်းက ထိုမြေတွင်အမြစ်တွယ်နေထိုင်ခဲ့ကြသည့် နာဂလူမျိုး ဌာနေတိုင်းရင်းသားတို့သည် ယခုအခါ ၎င်းတို့၏ ရာစုနှစ်ပေါင်းများစွာ နေထိုင်ရှင်သန်လာကြသည့် ဘိုးဘွားပိုင်ရိုးရာနယ်မြေကို နှစ်ပိုင်းပိုင်းဖြတ်မည့် ခေတ်သစ် ဘာလင်တံတိုင်း ခြံစည်းရိုးကြီးနှင့် စတင်ရင်ဆိုင်နေရသည်။
ယခင်က တားဆီးပိတ်ဆို့မှုမရှိဘဲ လွတ်လပ်စွာ ကူးလူးဆက်ဆံနိုင်ခဲ့သည့် စည်းရိုးမဲ့ နယ်စပ်သည် မကြာမီ သံဆူးကြိုးများနှင့် ကာရံထားသည့် စစ်ဘက်ဆိုင်ရာ အတားအဆီးများအဖြစ် ပြောင်းလဲတော့မည် ဖြစ်သည်။ ဤခြံစည်းရိုးသည် အိန္ဒိယ ဗဟိုအစိုးရက နိုင်ငံတော်လုံခြုံရေးအတွက်ဟု အကြောင်းပြချက် ပေးထားသော်လည်း မြေပြင်တွင်မူ ရာစုနှစ်ပေါင်းများစွာ တစ်မြေတည်းနေ၊ တစ်သားတည်းရှင်သန်ကာ သွေးမကွဲဘဲ နေထိုင်လာခဲ့သည့် နာဂလူမျိုးစုတို့၏ ယဉ်ကျေးမှု၊ လူမှုဘဝနှင့် မိသားစုသံယောဇဉ်တို့ကိုအပိုင်းပိုင်း ပြတ်တောက်သွားစေမည့် တံတိုင်းကြီး ဖြစ်လာပါတော့မည်။
“အားလုံးတော်တော်များများ ဖော်မပြနိုင်တဲ့ ဝေဒနာတွေပေါ့နော်။အကုန်လုံး သက်ကြီးရွယ်အို၊ လူငယ်တွေပါ အကုန်လုံး မျိုးဆက်တွေအားလုံးပါ အနာတရတွေ၊ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေ အများကြီးဖြစ်သွားကြမှာပေါ့”ဟု လဟယ်မြို့နယ် နိုင်ငံရေးခေါင်းဆောင်တစ်ဦးက အိန္ဒိယဗဟိုအစိုးရအနေဖြင့် နယ်စပ်တစ်လျှောက်လုံး ခြံစည်းရိုးခတ်လိုက်မည်ဆိုပါက နာဂလူမျိုးများ ကြုံတွေ့ရမည့် အခြေအနေကို ပြောသည်။
မြန်မာနယ်စပ်နှင့် ထိစပ်နေသည့် နယ်စပ်တစ်လျှောက်လုံးကို အိန္ဒိယအစိုးရဘက်မှ နယ်စပ်ခြံစည်းရိုး ခတ်လိုက်မည်ဆိုပါက နားဂလူမျိုးများအပြင် ချင်းလူမျိုးစုများအတွက်ပါ သက်ရောက်စေမည်ဖြစ်သည်။
●နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး
အိန္ဒိယနှင့် မြန်မာ နယ်နိမိတ်ထိစပ်မှုသည် မြန်မာပြည်မြောက်ပိုင်း ကချင်၊ တရုတ်နှင့် အိန္ဒိယ သုံးနိုင်ငံဆုံရာမှတစ်ဆင့် ဆင်းလားရာ မြန်မာဘက်ခြမ်းမှ ချင်း၊ ဘင်္ဂလားဒေ့နှင့် အိန္ဒိယ သုံးနိုင်ငံဆုံရာအထိ ကီလိုမီတာ ၁၆၀၀ ကျော် နယ်စပ်မျဉ်းတစ်လျှောက်လုံးကို အိန္ဒိယအစိုးရက ခြံစည်းရိုးကာရံသွားမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းနာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ် နှင့် နန်းယွန်းအပါအဝင် တမူးမြို့နယ်များသည် အိန္ဒိယဘက်ခြမ်းမှ မဏီပူရ၊ နာဂလန်း နှင့် အရုဏာချာပရာဒေ့ရှ် ပြည်နယ်တို့နှင့် ထိစပ်နေသည်။
ချင်းပြည်နယ်ရှိ ဖလမ်း၊ ထန်တလန်၊ ပလက်ဝ၊ တီးတိန်း နှင့် တွန်းဇံမြို့နယ်များသည်လည်း အိန္ဒိယဘက်ခြမ်းရှိ မီဇိုရမ်နှင့် မဏီပူရပြည်နယ်များနှင့် ထိစပ်နေသည်။ ကချင်ပြည်နယ်တွင် ပူတာအို နှင့် မချမ်းဘောမြို့နယ်တို့သည် အရုဏာချာပရာဒေ့ရှ် ပြည်နယ်နှင့် အသီးသီး ထိစပ်လျက်ရှိကြသည်။ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးတည်ဆောက်ရန်အတွက် ရူပီးငွေ ကုဋေ ၃၁,၀၀၀ အထိသုံးစွဲရန်အတွက် ဗဟိုအစိုးရက ခွင့်ပြုထားသည်။
၂၀၂၂ ခုနှစ် ဇွန်လစတင်၍ မဏီပူရပြည်နယ်စပ်မှ ခြံစည်းရိုးစတင်ခတ်နေသည်။ နန်းယွန်းမြို့နယ်နှင့် ထိစပ်သည့်အရုဏာချာပရာဒေ့ရှ်ပြည်နယ် ခြံစည်းရိုးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ခတ်နေခြင်း ဖြစ်သည်။အရုဏာချာပရာဒေ့ရှ် ပြည်နယ်သည် နာဂဒေသ နန်းယွန်း၊ လဟယ်မြို့နယ်တို့နှင့် ထိစပ်နေပြီး နန်းယွန်းမြို့နယ်အ
တွင်း သုံးပုံးနှစ်ပုံခန့် ခြံစည်းရိုးခတ်မှု ပြီးစီးထားကာ လဟယ်မြို့နယ်အစပ်သို့ ရောက်ရှိတော့မည်ဖြစ်သည်ဟု နန်းယွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
နန်းယွန်းမြို့နယ်၊နယ်စပ်တစ်လျှောက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက အိန္ဒိယဘက်မှ နယ်စပ်ခြံစည်းရိုးစတင်ခတ်ချိန်တွင် နာဂလူမျိုးစုများက ကန့်ကွက်ဆန္ဒပြခြင်း၊အရုဏာချာပရာဒေ့ရှ် ပြည်နယ်ရှိ တာဝန်ရှိသူတွေထံ စာပေးပို့ကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က အိန္ဒိယနယ်စပ်လုံခြုံရေးအဖွဲ့ဖြစ်သည့် အာသံရိုင်ဖယ်တပ် တပ်ခွဲမှူးမှ နန်းယွန်းမြို့နယ်ရှိ နာဂဒေသတာဝန်ရှိသူများကို တစ်ကြိမ်ခေါ်ယူတွေ့ဆုံမှုကလွဲ၍ ဘာတစ်ခုမျှ ထပ်မံတုန့်ပြန်မှု မရရှိခဲ့ကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဌဦးချစ်ယောင်းကပြောသည်။
ယင်းတွေ့ဆုံမှုတွင်တပ်ခွဲမှူးမှ ခြံစည်းရိုးခတ်ခြင်းသည်အိန္ဒိယဗဟိုအစိုးရ၏စီမံချက်ဖြင့်နိုင်ငံတော်လုံခြုံရေးအတွက် မဖြစ်မနေခတ်ရမည်ဖြစ်ကြောင်း၊ လူကြီးမင်းတို့တောင်းဆိုသည့်အပေါ် နားလည်ကြောင်း၊သို့သော်အစိုးရမူဝါဒဖြစ်သည့်အတွက် လုံးဝရုပ်သိမ်းပေမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ဖြစ်နိုင်တာ တစ်ခုကတော့ သည်နေရာတွင် ရှိနေသည့် ဌာနေတိုင်းရင်းသားများ၊ နာဂများအတွက် ကျနော်တို့ လုပ်ပေးနိုင်တာသည် ရွာအလိုက် နယ်စပ်ကြောများတွင် လိုအပ်သည့် ထွက်ပေါက်များကို ခြံစည်းရိုးခတ်သည့်အခါ ဖွင့်ပေးမည်ဖြစ်ကြောင်းနှင့် ယင်းအပေါ်တွင် လက်ခံပေးစေလိုကြောင်းဆိုသည့် တုန့်ပြန်မှုသာ ရရှိခဲ့သည်ဟု ဦးချစ်ယောင်းက ဆိုသည်။
●နယ်စပ်မတည်ငြိမ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခ
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မျဉ်း၏ တစ်ဖက်စီတွင် နေထိုင်ကြသည့် ဌာနေတိုင်းရင်းသား လူမျိုးစုများသည် မြန်မာဘက်ခြမ်းတွင် ရှိနေသည့် ပြည်သူများသည်ပင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝရှင်သန်ရေးတို့အတွက် အိန္ဒိယဘက်ခြမ်းကို အားကိုးကြရသည်။ထို့ကြောင့်နယ်စပ်ခြံစည်းရိုးသာ ဆက်လက်ခတ်မည်ဆိုလျှင် လူမျိုးစုများအနေဖြင့် စိုးရိမ်သည့် အကျိုးဆက်နှစ်ခုကို ထောက်ပြကြသည်။
နယ်စပ်ခြံစည်းခတ်ခြင်းကိုသဘောတူညီခြင်းမရှိသည့် လူမျိုးစုလက်နက်ကိုင်များက တိုက်ခိုက်လာနိုင်သည့်အတွက် စစ်တလင်းဖြစ်ပေါ်လာနိုင်ခြင်းနှင့် လူမျိုးစုများကို ခွဲထုတ်ဖယ်ရှားလိုက်သကဲ့သို့ဖြစ်ခြင်းကနောက်အချိန်တွင်လူမျိုးဆိုသည့် အမှတ်သရုပ်လက္ခဏာ ကွယ်ပျောက်သွားနိုင်သည်ကို စိုးရိမ်ကြခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။
နယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာပါကဒေသခံပြည်သူများအတွက်လည်း ဆိုးရွားလှသည့် အကျိုးဆက်ကို ခံစားရနိုင်သကဲ့သို့ အိန္ဒိယအစိုးရအနေဖြင့်လည်း ဖြေရှင်း၍ မရသည့် နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာနိုင်သည်ဟု လဟယ်မြို့နယ် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကထောက်ပြသည်။

ဒေသခံဌာနေတိုင်းရင်းသားများက ခြံစည်းရိုးခတ်ခြင်းကို ကန့်ကွက်မှုများ ဆက်တိုက်ရှိနေပြီး နာဂလက်နတ်ကိုင်အချို့က ခြံစည်းရိုးခတ်နေသူများကို သွားရောက်ပစ်ခတ် တာဆီးမှုများလည်း ရှိခဲ့သည်။ပြီးခဲ့သည့် မတ်လ ၂၆ ရက်က နာဂလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် National Socialist Council Of Nagaland – NSCN-K (YA) တပ်ဖွဲ့သည် ခြံစည်းရိုးကာနေသည့် အိန္ဒိယအာသံရိုင်ဖယ်တပ်အားသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အာသံရိုင်ဖယ်တပ်သားသုံးဦး သေဆုံးခဲ့သည်။
နာဂလက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းသည် နယ်စပ်နှစ်ဖက်စလုံးရှိ နာဂလူမျိုးများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ အိန္ဒိယအစိုးရအနေဖြင့် နယ်စပ်ခြံစည်းရိုးကို ဆက်လက်ကာရံနေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း NSCN-YA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် အိန္ဒိယတပ်မှလည်း နယ်စပ်တွင် တိုက်ပွဲမရှိဘဲ ၂၀၂၅ ခုနှစ် အောက်တိုဘာလ တစ်ကြိမ်၊ ၂၀၂၆ ဖေဖော်ဝါရီလက တစ်ကြိမ် နာဂကျေးရွာအချို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများကလည်း နန်းယွန်းမြို့နယ်အတွင်းမှ မြို့ဖြစ်သည့် ပန်ဆောင်မြို့နယ် နာယန်းကျေးရွာအနီးနှင့် လဟယ်မြို့နယ် ကာမွေလောရီ ကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
“ဒါကအသေးအဖွဲပဲရှိသေးတယ်။ နောက်ဆက်တွဲအများကြီးဖြစ်ဦးမှာ”ဟု လဟယ်မြို့နယ် နိုင်ငံရေးခေါင်းဆောင်တစ်ဦးက ပြောသည်။
နယ်စပ်ခြံစည်းရိုးနှင့် ပတ်သက်၍ အိန္ဒိယဘက်မှတုံ့ပြန်မှုမှာ၂၀၂၅ မေလကဖြစ်ရပ်က အဆိုးရွားဆုံးဖြစ်သည်။ တမူးမြို့နယ်နှင့်လည်းဆက်စပ်နေသောနယ်စပ်ခြံစည်းရိုးကို မြန်မာ့ဘက်ခြမ်းတိုးပြီး အိန္ဒိယအစိုးရကကာနေတာကိုရပ်တန့်ဖို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံပြည်သူများက ၂၀၂၅ နှစ်ဆန်းပိုင်းတွင် တားဆီးခဲ့သည်။
ထိုကဲ့သို့တားဆီးပြီးရက်အနည်းငယ်အကြာတွင် တမူးခရိုင်ပကဖမှ ရဲဘော်၁၀ ဦးကိုအာသံရိုင်ဖယ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ပကဖရဲဘော်များကနယ်စပ်တွင်ယာယီစခန်းရွှေ့ပြောင်းမှုကို သတင်းကြိုတင်ပေးပို့ထားပါလျက် မဏိပူရ်ပြည်နယ်၊ ချန်ဒေခရိုင်၊အာသံရိုင်ဖယ် Assam Rifles တပ်ရင်း(၁)ကဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ- NUGက ထုတ်ပြန်ခဲ့သည်။ အာသံရိုင်ဖယ်တပ်က သေဆုံးပကဖ ရဲဘော်များ၏ အလောင်းများကိုလွဲပြောင်းမပေးခင်တွင်လည်း နောက်နောင် နယ်စပ်ခြံစည်းရိုးကာခြင်းကို မကန့်ကွက်ပါဆိုသည်လက်မှတ်ရေးထိုးမှ အလောင်းပြန်လွှဲပေးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရက နယ်စပ်ခြံစည်းရိုးကာခြင်းကို မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းမှုကြောင့်နောက်ဆက်တွဲ ပြသာနာများတက်နေချိန်တွင်မှအရှိန်မြှင့်လုပ်ခဲ့ခြင်းဖြစ်သည်။ NUG က အိန္ဒိယအစိုးရထံပို့သောစာတွင် နှစ်နိုင်ငံနယ်ခြားစည်းမပြီးပြတ်သေးသောကာလတွင်တဖတ်သတ်ခြံစည်းရိုးခတ်ခြင်းကို ယာယီဆိုင်းငံထားရန် ၂၀၂၅ မေလ ၂၀ တွင်ထုတ်ပြန်ခဲ့သည်။တမူးပကဖ ရဲဘော်များမတရားသတ်ဖြတ်ခံရမှုအတွက် အဓိက အချက် ၅ ချက်ပါသော စာကို အိန္ဒိယအစိုးရထံသို့ပို့ခဲ့သည်ဟုလည်းသိရသည်။
ထူးဆန်းသည်မှာအာဏာသိမ်းထားသည့်စစ်တပ်က အိန္ဒိယက နယ်စပ်ခြံစည်းရိုးခတ်ပြီး ဒေသအများစုတွင် မြန်မာပိုင်နက်မြေများကိုကျူးကျော်ခံရသည့်အတွက် ဒေသခံများ ၊တော်လှန်ရေးအဖွဲ့များက ကန့်ကွက်နေချိန်တွင် စစ်တပ်ကမူအသံတိတ်နေသည်။

●အမျိုးသားအမှတ်သရုပ်လက္ခဏာနှင့်ဂုဏ်သိက္ခာ
နိုင်ငံဟူသော သတ်မှတ်ထားသည့် နယ်နိမိတ်များ တည်ရှိနေခြင်းကြောင့် ကွဲပြားသကဲ့သို့ ရှိနေသော်လည်း တကယ်တမ်း နာဂနှင့် ချင်းလူမျိုးစုများသည် အချို့ရွာများဆိုလျှင် နယ်စပ် စည်းပေါ်တွင်ပင်ကျေးရွာများတည်ရှိနေကြသည်။တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့်မြန်မာဘက်ခြမ်းကိုဆေးကုသရန်၊ ပညာသင်ယူရန်နှင့် နေ့တဓူဝ ဈေးရောင်းဈေးဝယ် ကိစ္စရပ်များကို အိန္ဒိယဘက်ခြမ်းတွင် အစစအရာရာ အားကိုအားထားပြုနေရသည်။
“ဒါတွေကမသွားလာလို့ မှမရတာ။ (အိန္ဒိယအစိုးရ)သူတို့အနေနဲ့ အတင်းအကြပ် လုပ်လာပြီးဆိုရင်တော့ ပြည်သူတွေဘက်ကတော့ ရတဲ့နည်းနဲ့ ခုခံတာတွေ၊ ရတဲ့နည်းနဲ့ နှောက်ယှက်တာ၊ ဖျက်ဆီးတာတွေ လုပ်မှာပဲ။ သူတို့ဘက်ကလည်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ထိခိုက်တာတွေ ဒါမျိုးတွေဖြစ်လာမယ်။ ဒါတွေဖြစ်လာရင် သူတို့ဘက်ကလည်း အငြိုးနဲ့ ဒေသခံတွေအပေါ်မှာ နှိပ်စက်တာတွေ အမျိုးမျိုးလုပ်လာနိုင်တာပေါ့နော်”ဟု လဟယ်မြို့နယ် နိုင်ငံရေးခေါင်းဆောင်တစ်ဦးက ပြောသည်။
ခြံစည်းရိုးခတ်လိုက်လျှင်လူမျိုးစုအလိုက် ဘာသာရေးကိစ္စနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများပါ အတူတကွ ပေါင်းစည်းလုပ်ဆောင်ခွင့်ကိုပါ ဆုံးရှုံးရမည်ဖြစ်သည်ဟု ဆိုကြသည်။
“ဒီတောင်ကြောတစ်လျှောက်မှာနေထိုင်တဲ့ ကချင်ဖြစ်စေ၊ နာဂဖြစ်စေ၊ ချင်းဖြစ်စေက ယဉ်ကျေးမှုတွေ၊သူတို့ရဲ့သမိုင်းကြောင်းတွေ၊နယ်မြေနဲ့စိတ်ဓာတ်ဆက်သွယ်နေမှုတွေကအတူတူပဲ။ခံစားချက်တွေ အတူတူပဲ။ လူဦးရေ နည်းသည်များသည်ပဲ ကွာမှာပေါ့။ ချိတ်ဆက်နေတာခြင်းက အတူတူပဲ။အကယ်၍ပိုင်းဖြတ်လိုက်ရင်တော့ဌာနေတိုင်းရင်းသားတွေ ခံရမယ့် ဒဏ်ကတော့ အတူတူပဲဖြစ်မယ်လို့ ထင်ပါတယ်”ဟု နာဂလူမျိုး သမိုင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသီတစ်ဦးဖြစ်သည့် ဒေါက်တာအီနွေဆိုင်းညူက ပြောသည်။
ဒေသခံပြည်သူများ အစိုးရိမ်ဆုံးတစ်ချက်မှာ ခြံစည်းရိုးခတ်လိုက်ပြီး အချိန်ကြာလာသည့်အခါ နောက်မျိုးဆက်များအနေဖြင့် ဟိုဘက်သည်ဘက်တွင်ရှိနေသူများသည်အမျိုးတော်စပ်သူများ ဟုတ်မဟုတ်ပင် သိရှိပါတော့မလား ဆိုသည့် စိုးရိမ်ချက်ပင်ဖြစ်သည်။
“မြန်မာနိုင်ငံသားဖြစ်ခြင်း၊ အိန္ဒိယနိုင်ငံသားဖြစ်ခြင်းက ပိုပြီးတော့ ခိုင်မှာလာပြီးတော့မှ နောက်နောင် ဟိုဘက်မှာ ကိုယ့်အမျိုးဖြစ်တယ်၊ ဒီဘက်က ကိုယ့်အမျိုးဖြစ်တယ် ဆိုတာမျိုးတောင်မှ သိကြဦးမလားဆိုတာ မသေချာတော့ဘူးပေါ့။ အဆက်အသွယ်မရှိအောင်လို့ လုပ်နေတာ”ဟု နန်းယွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
အိန္ဒိယအစိုးရဘက်မှ ခြံစည်းရိုးများခတ်လိုက်သည့်အခါ အကွာအဝေးအပေါ်မူတည်ပြီး ကျေးရွာများကို ဝင်ထွက်ပေါက် ဖွင့်ပေးမည်ဟု ဆိုထားသော်လည်း နောင်တစ်ချိန် နယ်စပ်ခြံစည်းရိုးခိုင်မာလာလျှင် ဝင်ထွက်ပေါက်များ ပိတ်မပစ်ဘူးဟု အာမခံချက်မပေးနိုင်ပေ။နာဂလူမျိုးများသည် မြန်မာ-အိန္ဒိယဟူသော နယ်စပ်မျဉ်းသတ်မှတ်စဉ်ကတည်းက အတိအမှတ်ပြုမှုမရှိထားကြောင်း နာဂလူမျိုး သမိုင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသီတစ်ဦးဖြစ်သည့် ဒေါက်တာအီနွေဆိုင်းညူက ပြောသည်။
“ခြံစည်းရိုးခတ်လိုက်လို့ရှိရင်အမျိုးသားရေးလှုပ်ရှားနေတဲ့ လက်နက်ကိုင်တွေပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် အကြပ်အတည်း တိုက်ရိုက်ထိတွေ့မယ်။အရင်ကဆို ဟိုဘက်ဒီဘက် သွားလာလို့ ရတယ်လေ။ ပြီးတော့ နာဂအမျိုးသားရေးလို့ လုပ်တဲ့အခါမှာ မြန်မာပြည်ဘက်က နာဂ၊ အိန္ဒိယဘက်က နာဂဆိုပြီး လုပ်နေတာ မဟုတ်တဲ့အခါကျတော့ International Border ရှိနေတာကလွဲလို့နာဂတွေကတော့(နယ်စပ်မျဉ်းကို)အသိအမှတ်ပြုထားတာမဟုတ်ဘူးလေ”ဟု သုတေသီက ဆိုသည်။
ခြံစည်းရိုး ဝင်ထွက်ပေါက်များပါ ပိတ်လိုက်ပြီး နိုင်ငံကူလက်မှတ်ကဲ့သို့သော အထောက်အထား စာရွက်စာတမ်းများပါမှ ဝင်ထွက်ခွင့်ပေးလာနိုင်သည့် အခြေအနေမျိုးကို နောက်တစ်ချိန်တွင် ဖြစ်လာနိုင်သည်။ထို့ကြောင့် ခြံစည်းရိုးခတ်လိုက်ခြင်းက လက်နက်ကိုင်ပဋိပက္ခနှင့် လူမှုအသိုက်အမြုံများ အကြီးအကျယ်ထိခိုက်မှုအပြင် အမျိုးသားရေးပါ ထိခိုက်မည်ဖြစ်ကြောင်း ဒေါက်တာအီနွေဆိုင်းညူက ပြောသည်။
ဒေါက်တာအီနွေဆိုင်းညူက အမျိုးသားရေးဆိုသည်ကို ဖွင့်ဆိုရာတွင် နာဂများ၏ ယဉ်ကျေးမှုများ၊ သမိုင်းများ၊ ဘာသာစကားများ၊ ကိုယ်ပိုင် လူမှုဆက်ဆံရေးများဟု ဖွင့်ဆိုပြီး ထိုအရာများကပင် နာဂလူမျိုးများ၏ အမျိုးသားရေးအခြေခံအုတ်မြစ်များ ဖြစ်သည်ဟုဆိုသည်။
“အဲဒါကြီးက ခွဲလိုက်တဲ့အခါကျတော့ မောင်နှမတွေညီအစ်ကိုချင်းတွေ၊ ခွဲလိုက်တာလည်းဖြစ်သလိုကိုယ့်နယ်မြေကလည်း မလွဲမသွေ ဟိုဘက်ခြမ်းကိုရောင်းချရမလိုလည်းဖြစ်နိုင်တယ်။ တချို့ရွာတွေဆိုရင်။ တရားဝင်သွားပြီးတော့ လုပ်ကိုင်စားလို့ မရတဲ့အနေအထားတွေဖြစ်တယ်ဆိုတော့ အဲဒါက နာဂလူမျိုးတွေရဲ့ ဂုဏ်သိက္ခါကို အများကြီးထိပါးစေတယ်လို့ ကျနော်ကတော့ အဲလိုမြင်တာပေါ့လေ”ဟု သုတေသီ ဒေါက်တာအီနွေဆိုင်းညူက ပြောသည်။
ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်စည်း ဖြစ်ပေါ်လာပုံနှင့် လူမျိုးစုများ၏ သမိုင်းနောက်ခံကို ဆက်လက်လေ့လာကြည့်ကြပါစို့။

●သမိုင်းနောက်ခံ
မြန်မာ-အိန္ဒိယ နယ်စပ်စည်းတစ်လျှောက်တွင် မူလနေထိုင်ကြသည့် လူမျိုးစုများမှာ အဓိကအားဖြင့် နာဂနှင့် ချင်းလူမျိုးများဖြစ်ကြပြီး လက်ရှိ အိန္ဒိယနှင့် မြန်မာဟူသော နိုင်ငံများအဖြစ် မဖြစ်ထွန်း မပေါ်ပေါက်မီကတည်းကအခြေချနေထိုင်လာကြသည်။
အထူးသဖြင့် နာဂလူမျိုးများသည်ဘီစီ၂၂၁-၂၀၆ ကာလအတွင်း တရုတ်ပြည်အထက်ပိုင်း မွန်ဂိုလီယားအတွင်းပိုင်းဒေသခေါ် မြစ်ဝါမြစ်ဝှမ်းဒေသမှ လက်ရှိ အိန္ဒိယ အရှေ့မြောက်နှင့် မြန်မာအနောက်မြောက်ပိုင်းဒေသသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သမိုင်းအထောက်အထားများတွင် တွေ့ရသည်ဟု သမိုင်း၊ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုင်ရာ သုတေသီတစ်ဦးဖြစ်သည့် ဒေါက်တာအီနွေဆိုင်းညူက ဆိုသည်။
သို့သော် အချို့မှတ်တမ်းများတွင်မူ နာဂလူမျိုးများသည် ထိုနှစ်ကာလထက် အလွန်စော၍ ဘီစီ ၂၆၁၇-၇၅၉ အတွင်း မွန်ဂိုလီယားမှ ရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် ဘီစီ ၁၂၂၅-၁၂၂၀ အတွင်း ရွှေ့ပြောင်း ခဲ့သည်ဖြစ်နိုင်ကြောင်း အသီးသီးဖော်ပြကြသည်။ သမိုင်းဆိုင်ရာ အထောက်အထားများသည် တစ်ခုနှင့် တစ်ခု သုံးသပ်ပုံ၊ ရှုထောင့်များမတူညီမှုကြောင့် နှစ်ကာလ အပိုင်းအခြားကွဲပြားကြသည်ဟု ယူဆသည်။ ဟီမားလီယားဒေသကို လေ့လာမှတ်တမ်းတင်ခဲ့သည့် ဂရိပထဝီဝင်ပညာရှင် ကလောက်ဒီးယပ်စ် ပတိုလမီ၏ မှတ်တမ်းအရ ဘီစီ ၁၅၀ ကာလတွင် နာဂလူမျိုးများသည် လက်ရှိဒေသ၌ အခြေချနေထိုင်နေကြပြီဖြစ်ကြောင်း ဖော်ပြနေသည်ဟု သုတေသီ ဒေါက်တာအီနွေဆိုင်းညူက ရှင်းပြသည်။ ဟီမားလီယားဒေသဆိုသည်မှာ ဟိမဝန္တာတောင်တန်းကြီးနှင့် ယင်းတောင်တန်းကြီးကို အခြေခံပြီး ဖြစ်တည်နေသည့် ပတ်ဝန်းကျင် နယ်မြေဒေသတစ်ခုလုံးကို ခြုံငုံခေါ်ဆိုသောပထဝီဝင်အသုံးအနှုန်း ဖြစ်သည်။
လက်ရှိ သတ်မှတ်ထားသည် နယ်စပ်စည်းအကြောင်းကို ပြောမည်ဆိုလျှင် ၁၈၈၅ ခုနှစ် အထက်မြန်မာပြည် မန္တလေးမင်းနေပြည်တော်ကို ဗြိတိသျှကိုလိုနီတို့ သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံကို ဗြိတိသျှ အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခဲ့သည့် ဖြစ်စဉ်က စတင်ရမည်ဖြစ်သည်။၁၉၃၅ ခုနှစ်တွင် ရေးဆွဲလိုက်သည့် မြန်မာအစိုးရ အက်ဥပဒေအရ ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ကာ သီးခြားကိုလိုနီအဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့အနေဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများ လွယ်ကူစေရန်အတွက် နိုင်ငံနယ်နိမိတ်စည်းများကို မြေပုံဆွဲသတ်မှတ်ခဲ့ကြသည်။ ယင်းအချိန်ကတည်းက နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ စည်းမျဉ်းများရှိခဲ့သည်။
ထို့နောက် ၁၉၄၇ တွင် အိန္ဒိယလွတ်လပ်ရေးရပြီး အိန္ဒိယနိုင်ငံကို ကောင်းမွန်စွာအုပ်ချုပ်စီမံနိုင်ရန်အတွက် မည်သို့သော ဗျူရိုကရေစီယန္တရားများဖြင့် စီမံကိုင်တွယ်မလဲ ဖြစ်လာသည့်အခါ နာဂဒေသကို လွှမ်းမိုးရန် ကြိုးစာလာခြင်းဖြစ်သည်ဟု သုတေသီ ဒေါက်တာအီနွေဆိုင်းညူက ဆိုသည်။
အိန္ဒိယအနေဖြင့် နာဂဒေသကို လွှမ်းမိုးရန် ကြိုးစားချိန်တွင် နာဂနိုင်ငံရေးနှင့် အမျိုးသားရေးတက်ကြွသူများ၏ တုန့်ပြန်မှုများကြောင့် ရှေ့မတိုးနိုင်ဘဲ အခက်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် အိန္ဒိယ၏ မိတ်ဖက်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအစိုးရနှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးကြပြီးနောက် ၁၉၆၇ ခုနှစ် မတ်လ ၁၀ တွင် လက်ရှိ ကီလိုမီတာ ၁၆၀၀ ကျော်ရှိသော နယ်စပ်စည်းကို ရန်ကုန်၌ နှစ်နိုင်ငံ နယ်နိမိတ်သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ရှိ လူမျိုးစုများသည် အိန္ဒိယ၏ ၁၉၆၈ ခုနှစ်နယ်စပ်မူဝါဒ ဥပဒေအရ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် (Free Movement Regime-FMR) ရှိခဲ့ပြီး နယ်စပ်ဒေသတွင် နေထိုင်သော လူမျိုးစုများသည် ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ သွားလာခွင့်ရှိခဲ့သည်။ ထိုဥပဒေကို ၂၀၁၈ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ်အတွင်း မဏီပူရ ပြည်နယ်အတွင်း အကြမ်းဖက်မှုများနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများ တိုးပွားလာခြင်း စသည့် အကြောင်းပြချက်ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယအစိုးရက ယင်းစနစ်ကို ရပ်ဆိုင်းခဲ့သည်။
“လွတ်လပ်စွာ သွားလာခွင့် (Free movement) လုပ်လို့ရအောင် လုပ်ပေးထားတာ ရှိတဲ့အတွက် နယ်စပ်ကို ဖြတ်ကျော်သွားလာလို့ရတယ်ဆိုတဲ့ အနေအထားရှိတယ်။ အရင်ကတော့ မသိသာဘူး။ အခုမှ ခြံစည်းရိုးခတ်မယ်ဆိုတဲ့အခါကျမှ ပိုပြီးသိသာတဲ့ အနေအထားဖြစ်တဲ့အခါကျတော့ သူတို့ခွဲခြားနေတယ်လို့ ခုမှမြင်လာတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒါတွေက အရင်ကတည်းက ခွဲခြားထားပြီးတော့ သူ့တို့ရဲ့ အခြေခံဥပဒေအောက်မှာ ထည့်သွင်းချင်နေတာ”ဟု သုတေသီတဦးက ရှုမြင်သည်။
သမိုင်းကို ပြန်ကြည့်လျှင် လူသားမျိုးနွယ်ကို အဓမ္မခွဲခြားထားခဲ့သည့် ‘ဘာလင်တံတိုင်းကြီး’ ပင်လျှင် ပြည်သူတို့၏ လွတ်လပ်လိုသော စိတ်ဆန္ဒအောက်ဝယ် ၁၉၈၉ ခုနှစ်၊ နှစ်ပေါင်း ၂၈ နှစ်ကျော်အကြာ၌ အစအနမကျန် ပြိုကျပျက်စီးကာ သွေးချင်းညီအစ်ကိုများ ပြန်လည်ပေါင်းစည်းခွင့် ရခဲ့ကြဖူးသည်။
သို့သော် သမိုင်းက ကမ္ဘာကြီးကို သင်ခန်းစာပေးခဲ့သော်လည်း ယခု ၂၀၂၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ဘက် တောင်တန်းဒေသများပေါ်က ဌာနေတိုင်းရင်းသားများအတွက် ကံကြမ္မာက ပြောင်းပြန်ဖြစ်နေဆဲ ဖြစ်သည်။ ဂျာမန်လူမျိုးတို့ တံတိုင်းများကို ဖြိုချနိုင်ခဲ့သည့် သမိုင်းရှိခဲ့သော်လည်း၊ မြန်မာပြည်မြောက်ပိုင်း မြန်မာ-အိန္ဒိယ နယ်စပ်တလျှောက်က နာဂနှင့် ချင်းတိုင်းရင်းသားတို့မှာမူ ယခုမှစတင်၍ ခေတ်သစ်နိုင်ငံရေး၏သံဆူးကြိုးတံတိုင်းကြီးများအောက်တွင်ဆွေမျိုးအချင်းချင်း ရာသက်ပန် ဝေးကွာရတော့မည့် မသေချာမရေရာသော အနာဂတ်ဆိုးကြီးကို ရင်ဆိုင်နေရပါတော့သည်။ ။
(နယ်စပ်ခြံစည်းရိုးခတ်တာကို ကန့်ကွက်နေတဲ့နာဂတိုင်းရင်းသားတွေ /နယ်စပ်မှခြံစည်းရိုးခတ်နေမှု/ အိန္ဒိယဘက်မှ တာဝန်ရှိသူတွေက ခြံစည်းရိုးခတ်တာကိုကြည့်ရှု့စဥ်/ နာဂတိုင်းရင်းသားများ။ ဓါတ်ပုံ-ညီညွတ်သော တန်ရှန်းနာဂကောင်စီ၊Eastern Naga Women’s Association -ENWA )






















































