close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မေလ ကစ အရှိန်ယူတော့မယ့် စူပါအယ်လ်နီညိုအတွက် သတိပေးချက်

-ခါကာဘိုရေးသားသည်။

ဒီနှစ်မှာကြုံတွေရမယ့်အယ်လ်နီညိုဟာ ၁၉၅၀ ခုနှစ်နောက်ပိုင်းမှာအပြင်းထန်ဆုံးလို့ပညာရှင်တွေကခန့်မှန်းနေကြပါတယ်။

CNN ရဲ့ရာသီဥတုဆိုင်ရာ သတင်းထောက်တဦးဖြစ်တဲ့ Andrew Freedman က(၂၀၂၆ ခုနှစ်၊ မေလလယ်)မှာဖြစ်ပေါ်လာမယ့် “ Super El Niño” (အလွန်ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်) နဲ့ ပတ်သက်ပြီးစိုးရိမ်စရာကောင်းတဲ့ အချက်အလက်တွေကို အခုရက်ပိုင်း CNN မှာ အခုလို သုံးသပ်တင်ပြသွားပါတယ်။

“အခုဆိုရင်တော့ “ Super El Niño” (စူပါ အယ်လ်နီညို) ကြီး မကြာခင်ရောက်လာတော့မယ်ဆိုတာကို သတင်းတွေထဲမှာ ကြားဖူးနေကြလောက်ပါပြီ။ ဒါပေမဲ့ ဒီလိုအလွန်ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်မျိုးဟာ ကမ္ဘာကြီးမှာ ပထမဆုံးအကြိမ် ဖြစ်ပေါ်ဖူးတာတော့ မဟုတ်ပါဘူး။ ဒီအတိတ်ကအတွေ့အကြုံတွေကို ပြန်ကြည့်ခြင်းအားဖြင့်ဘယ်လိုဆိုးကျိုးတွေ ကြုံရနိုင်မလဲဆိုတာကို အရေးကြီးတဲ့ သတိပေးချက်တွေအနေနဲ့ ကြိုတင်သိရှိနိုင်ပါတယ်”တဲ့။

Public Service Announcement

Public Service Announcement

သမိုင်းမှာ အမှတ်ရစရာဖြစ်ခဲ့တဲ့ ၁၉၉၇-၉၈ ခုနှစ် ‘စူပါအယ်လ်နီညို’ တုန်းကဆိုရင်ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းဖြစ်တဲ့ ကာလီဖိုးနီးယား၊ အာဖရိကဒေသအချို့နဲ့ တောင်အမေရိကမှာ မိုးတွေ အကြီးအကျယ်သည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ကြုံ‌နေရချိန်မှာပဲ အခြားတစ်ဖက်ဖြစ်တဲ့ အော်စတြေးလျ၊ ဖိလစ်ပိုင်နဲ့ အရှေ့တောင်အာရှက အင်ဒိုနီးရှားနိုင်ငံတွေမှာကြတော့ မိုးခေါင်ပြီး အပူလှိုင်းတွေဖြတ်‌နေခဲ့တာကြောင့် တောမီးလောင်မှုတွေ အပြင်းအထန် ခံခဲ့ကြရတာပါ။ ဖလော်ရီဒါပြည်နယ်မှာဆိုရင် လူအသေအပျောက်များတဲ့ လေဆင်နှာမောင်းတွေပါ ဆက်တိုက် တိုက်ခတ်ခဲ့ရပါတယ်။

ဒါတင်မကသေးပါဘူး၊ ‘စူပါအယ်လ်နီညို’ရဲ့ ရိုက်ခတ်မှုဟာ ပင်လယ်ရေအောက်က ဂေဟစနစ်အထိပါ ရောက်ရှိသွားတတ်ပါတယ်။သမုဒ္ဒရာရေပြင်ဟာ ပုံမှန်ထက်ပိုမိုပူနွေးလာတဲ့အတွက်ကမ္ဘာ့အဖိုးတန် သန္တာကျောက်တန်းတွေ အရောင်ချွတ်ခံရပြီး အစုလိုက်အပြုံလိုက် သေဆုံးတာမျိုးတွေ ဖြစ်ပွားတတ်ပါ‌သေးတယ်။ ဒါမျိုးတွေကို ၁၉၉၇-၉၈ ဖြစ်စဉ်မှာရော၊မကြာသေးခင်ကကြုံခဲ့ရတဲ့ ၂၀၁၅-၁၆ဖြစ်စဉ်တုန်းကပါ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

အတိတ်သမိုင်းဆိုတာ အနာဂတ်အတွက် အပြည့်အဝ ထပ်တူဖြစ်မယ်လို့ မပြောနိုင်ပေမယ့်၊ ကြိုတင်မှန်းဆပြင်ဆင်နိုင်ဖို့အတွက်တော့ အရေးပါတဲ့ လမ်းညွှန်တစ်ခုပါပဲ။ လက်ရှိ တွက်ချက်မှုအရ အခုလာမယ့် ‘စူပါအယ်လ်နီညို’ဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှာ ‘အပြင်းထန်ဆုံး ဖြစ်စဉ်’ တောင် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီ့အပြင် ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့် ကမ္ဘာကြီး ပိုပူလာတာကလည်း အယ်လ်နီညိုရဲ့ သဘာဝကို ပိုပြီး ကမောက်ကမ ဖြစ်စေတဲ့အတွက် ရှေ့ဆက် ဘာတွေဆက်ကြုံရဦးမလဲဆိုတာကို ခန့်မှန်းရ ပိုမိုခက်ခဲစေပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ဒီတစ်ခေါက် လာမယ့် ‘စူပါအယ်လ်နီညို’ကြောင့် ကမ္ဘာတစ်ဝန်းမှာ ထိခိုက်ဆုံးရှုံးမှု ကုန်ကျစရိတ်တွေ အဆမတန် များပြားလာမှာကတော့ သေချာသလောက်ရှိနေပါပြီ။

ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာရဲ့ နေ့စဉ်လူမှုဘဝတွေကို တိုက်ရိုက် ရိုက်ခတ်သွားမှာဖြစ်သလို၊ ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ဂေဟစနစ်တွေကိုလည်း နောင်ဆယ်စုနှစ်ပေါင်းများစွာအထိ ဆိုးဆိုးရွားရွား ပြောင်းလဲပစ်လိုက်နိုင်တာမို့ အားလုံးပဲ ကြိုတင်သတိပြု ပြင်ဆင်ထားကြဖို့ သူက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်၊ မေလကနေ ဇူလိုင်လအတွင်းမှာ စတင်ဖြစ်ပေါ်ဖို့ အခွင့်အလမ်း ၈၀ ရာခိုင်နှုန်းကျော်ရှိနေပြီး ၂၀၂၆ အကုန်နဲ့ ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်း (ဆောင်းရာသီ) မှာ အရှိန်အမြင့်ဆုံးကို ရောက်လာဖို့ ရှိနေပါတယ်။

ဒီလိုအလွန်ပြင်းထန်စွာကျရောက်လာနိုင်တဲ့ ရာသီဥတုအ‌ခြေအနေဟာ မြန်မာနိုင်ငံနဲ့ အခြားအရှေ့တောင်အာရှဒေသနိုင်ငံတွေအပေါ် ဖြစ်ပေါ်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေကတော့ နွေရာသီမဟုတ်သည့်တိုင်အောင် ပုံမှန်ထက် ပိုမိုပူပြင်းတဲ့ အပူဒဏ်ကို ရင်ဆိုင်ရဖို့ ရှိ‌နေပါတယ်။၂၀၂၆ အကုန်နဲ့ ၂၀၂၇ ခုနှစ်တွေဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် အထူးသတိပြုပြီး ကြိုတင်ပြင်ဆင်ကြဘို့ လိုအပ်ပါတယ်။

ဒေသတွင်းမှာ မိုးရွာသွန်းမှု ပုံစံတွေ ပျက်စီးပြီး မိုးနည်းသွားနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် မိုးဦးကျ နောက်ကျတာ၊ မိုးရွာသွန်းမှု လျော့နည်းတာမျိုးတွေ ဖြစ်နိုင်လို့ စိုက်ပျိုးရေနဲ့ သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို စိုက်ပျိုးရေးလုပ်ငန်းခွင်တွေနဲ့ ကျေးလက်ဒေသတွေမှာ ပိုမိုခံရနိုင်ပါတယ်။

အရှေ့တောင်အာရှရဲ့အဓိကထွက်ကုန်ဖြစ်တဲ့ စပါးနဲ့ အခြားသီးနှံစိုက်ပျိုးမှုကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ ရေမလုံလောက်မှုနဲ့ အပူဒဏ်ကြောင့် သီးနှံအထွက်နှုန်းကျပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဆက်စပ်ဖြစ်လာနိုင်ပါတယ်။

ခြောက်သွေ့ပူပြင်းတဲ့ဒဏ်ကြောင့် အင်ဒိုနီးရှား၊ မလေးရှားအပြင် ထိုင်းနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းတွေမှာလည်း တောမီးလောင်တာ၊ တောင်ယာမီးရှို့ရာကနေ မီးကူးစက်တာတွေ ပိုများလာနိုင်ပြီး၊ ဒေသတွင်းမှာ မီးခိုးမြူ (Haze) ကြောင့် လေထုညစ်ညမ်းမှု ပြဿနာ ပိုဆိုးလာနိုင်လို့ အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်မှာလည်း အပူချိန်တွေ အလွန်အမင်း မြင့်တက်လာမှာဖြစ်လို့ အရှေ့တောင်အာရှပင်လယ်ပြင်က သန္တာကျောက်တန်းတွေ အရောင်ချွတ်ခံရပြီး သေဆုံးတာ (Coral Bleaching) တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါဟာ ရေလုပ်ငန်းကိုပါ သက်ရောက်မှု ရှိစေမှာပါ။

အတိုချုပ်ပြောရရင်တော့ ဒီတစ်ခေါက် လာမယ့် ‘စူပါအယ်လ်နီးညိုး’ဟာ ပုံမှန်ထက် ပိုစောစောစီးစီးနဲ့ ပိုပြင်းပြင်းထန်ထန် လာနိုင်ခြေရှိတဲ့အတွက် အပူဒဏ်၊ ရေရှားပါးမှုဒဏ်နဲ့ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်နိုင်ခြေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ရေကို စနစ်တကျ သိုလှောင်တာမျိုးတွေကို အခုကတည်းက ဂရုစိုက်လုပ်ထားဖို့ အထူးလိုအပ်မယ့် အခြေအနေ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက ရေကြီးမှုတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၂ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းမေလ ၁၇ရက်မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကသတိ​ပေးထုတ်ပြန်ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

မန္တလေးတိုင်း၊ ​မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီ ၇ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်အချို့ ပြိုလဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။