close
Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲမှာ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်အများအပြားသေဆုံး

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့နတ်ရေကန်ဗျူဟာဘက်ကို အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေ ထပ်ပို့နေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

(နတ်​ရေကန် ဗျူဟာကို Google Earth ​မြေပုံမှာ​တွေ့ရစဥ်)

​မေ-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့နတ်ရေကန်ဗျူဟာဘက်ကို အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေ ထပ်ပို့နေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

နတ်ရေကန်ဗျူဟာရဲ့နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူခဲ့ပြီးနောက် စစ်ကတပ်ကပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကို အင်အားဖြည့်နေတာပါ။

“ တိုက်ပွဲကတော့ဆက်ပြင်းထန်ပြီးလေကြောင်းကနေလာလာပစ်နေတာ။ကျွန်​တော်တို့ဘက်ကိုလည်း စစ်မှုထမ်းသင်တန်းဆင်းတွေ ထပ်ပို့နေပြီး တိုက်ပွဲတွေမှာ သူတို့ အသေများတယ်။ အဓိက ကတော့ လေကြောင်းရန်ကို သတိထားရင်း စစ်ရေးဖော်ဆောင်နေတာပါ။သူတို့ကပဇီရွာနဲ့ဂုတ်ကြီးရွာဘက်ကနေ တိုးနေပါတယ်” လို့ဒေသခံစစ်​ရေးသတင်းရင်းမြစ်ကမေလ၂၅ ရက်နေ့လယ်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူလိုက်ပြီးတဲ့နောက် နတ်​ရေးကန်ဗျူဟာကို သိမ်းယူဖို့ စစ်ရေးအရှိန်မြှင့်ထားပါတယ်။ စစ်တပ်ကလည်း နတ်ရေကန်ဗျူဟာကနေနှစ်မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့အရှေ့‌တောင်ဘက်က ဂုတ်ကြီးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။

စစ်တပ်ကပဒါန်းမြို့နယ်မှာရှိတဲ့အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကတဆင့် ပဇီရွာနဲ့ ဂုတ်ကြီးရွာကို လက်နက်၊ ရိက္ခာနဲ့ လူအင်အား‌တွေပို့နေတာပါ။

မေလ ၂၄ရက်က တိုက်ပွဲမှာလည်း စစ်တပ်ဘက်ကသေဆုံးသူတွေထဲမှာစစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးပါတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။

“ မဟာမိတ်တွေဆီကနေရတဲ့သတင်းအရ ဧရာဝတီနဲ့ ပဲခူးက စစ်မှုထမ်းသင်တန်းဆင်းတွေ နတ်ရေကန်ဘက်ကိုအများကြီး အပို့ခံရတယ်။ သေတာမှာ သူတို့ပဲ ပိုများတာ။ ရှေ့တန်းကို အတင်းအကျပ်အပို့ခံနေရတာ” လို့တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

နတ်ရေကန်ဗျူဟာကိုခုခံဖို့စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းထောင်ချီပြီးရှေ့တန်းကိုပို့ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းအတင်းအကျပ်စစ်သားစုဆောင်းထားတဲ့စစ်မှုထမ်းသင်တန်းဆင်း စစ်သား​သစ်တွေကို တိုက်ပွဲပြင်းထန်တဲ့​ဒေသ​တွေကိုပို့ပြီးစစ်တိုက်ခိုင်းတာ​ကြောင့် လူငယ်စစ်သားသစ်​တွေ စစ်ကောင်စီအတွက် စတေးနေကြရတယ်လို့AAက ထုတ်ပြန်ထားပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်း စစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို မူးယစ်ဆေးကျွေးပြီးစစ်တိုက်ခိုင်းတာတွေ၊ စစ်ကြောင်းရှေ့ဆုံးကနေ တိုက်ခိုင်းပြီး မိုင်းကွင်းကိုဖြတ်ခိုင်းတာတွေ၊ ကြောက်လန့်ပြီး ပြန်ဆုတ်လာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်တာတွေရှိခဲ့တယ်လို့ AAထံ အလင်းဝင်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ရှိပါတယ်။ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဆက်စပ်နေရာမှာရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကောင်စီရဲ့အမာခံစခန်းကြီးဖြစ်ပါတယ်။အခိုင်အမာကာကင်းစခန်ကြီး ၁၀ခုထက်မနည်းရှိပါတယ်။ နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့ပြီး ၁နှစ်ကျော်အတွင်းမှာ ကာကင်းစခန်းတွေအားလုံးကို သိမ်းယူခဲ့တာဖြစ်ပါတယ်။

လတ်တလော စစ်ရေးသတင်းတွေကို AAက မထုတ်ပြန်သေးပါဘူး။ လက်ရှိမှာ AAနဲ့ မဟာမိတ်တွေက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ(၁၆)နဲ့ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)ကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။အဲဒီတိုက်ပွဲတွေမှာလည်း စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းတွေကိုအများဆုံးအသုံးပြုနေသလို လေကြောင်းကနေလည်း ဗုံးကြဲခုခံနေပါတယ်။ လတ်တလောတိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းတိုင်းနယ်စပ်ဒေသမှာလည်း စစ်မှုထမ်းသင်တန်းဆင်းတွေအများအပြားသေဆုံးနေတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

တပ်ချုပ်ရာထူးကို နေပြည်တော် ဇေယျာသီရိဗိမ္မာန်မှာ အခမ်းအနားနဲ့အတူလက်ခံရယူစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့မူဝါဒနဲ့ လမ်းစဥ်တွေအတိုင်း စစ်တပ်ကိုဆက်လက်ဦးဆောင်မယ်လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ကတိခံခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲကနတ်ရေကန်ဗျူဟာမှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ‌တော်လှန်ရေးရဲဘော်တွေက ငဖဲမြို့ထဲအထိဝင်ပြီး နယ်မြေစိုးမိုးရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာအနီး နဲ့ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်က ကပစ (၁၆) အနီးပတ်ဝန်းကျင်မှာ အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့နတ်ရေကန်ဗျူဟာဘက်ကို အာဏာသိမ်း စစ်တပ်က စစ်ကူ​ပေးနိုင်ဖို့ မြေပြင်စစ်ကြောင်း အသေခံဝင်လာပြီး တိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။