မေ-၂၁၊ ၂၀၂၆။ မိထက်/People’s Spring
မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။
အဲ့ဒီဆင် ၅ကောင်ဟာ အရင်က သစ်ဆွဲဆင်တွေဖြစ်ပြီး နဂါးမောက်ဘုရားမှာ သာသနာပြုဆင်အဖြစ် ထိန်းသိမ်းထားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ သာသနာအလုပ်အကျွေးပြု ဆင်ဆိုပြီး အလှူခံတာ။ အလှူခံငွေလည်း တော်တော်ရတယ်” လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဆင်တွေကို အမှီပြုပြီး ရရှိတဲ့ အလှူငွေဟာ နှစ်စဉ် သိန်းရာချီတယ်လို့ နဂါးမောက်ဘုရားဂေါပကအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်ပေါ်ရေးသားထားပါတယ်။ အဲဒီငွေတွေကို ဆင်တွေရဲ့ကောင်းမှုအဖြစ် နဂါးမောက်ဘုရားကို ပြန်လှူတယ်လို့ သိရပါတယ်။
ဆင် ၅ကောင်စလုံးကို မေလ ၂၀ရက်မှာ ပဲခူးရိုးမအတွင်း ပြန်လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ အပြီးလွှတ်တာမဟုတ်ပါဘူး။ မိုးရာသီမှာ သဘာဝအတိုင်းကျက်စားနိုင်ဖို့အတွက် လွှတ်ပေးတာဖြစ်ပြီး မိုးကုန်ရင် ပြန်ဖမ်းမှာလို့ သိရပါတယ်။
မလွှတ်ခင်မှာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး တောဆင်ရိုင်းအန္တရာယ်ကနေ ကင်းအောင် ဆင်ဦးစီး အစောင့်အရှောက်တွေနဲ့အတူ ပဲခူးရိုးမကြိုးဝိုင်းအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးလိုက်တာလို့ နဂါးမောက်ဘုရားဂေါပကအဖွဲ့နဲ့နီးစပ်သူတစ်ဦးက လူမှုကွန်ရက်ပေါ်ရေးသားထားပါတယ်။
တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေကတော့ ဆင်တွေကို သာသနာပြုဆင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိန်းသိမ်းထားတာကို ကန့်ကွက်ကြပါတယ်။ သက်တမ်းတစ်ခုလုံးသဘာဝအတိုင်းကျက်စားနိုင်အောင် ဆောင်ရွက်သင့်တယ်လို့ မှတ်ချက်ပြုကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက်ဟာ ဆင်တွေကို အသုံးချပြီး သူတို့ကိုယ်သူတို့ ဘုန်းကံကြီးသူအဖြစ် ပုံဖော်လေ့ရှိသလို သံဃာတော်အချို့ကလည်း ဆင်တွေကို အသုံးချပြီး အလှူငွေလက်ခံလေ့ရှိကြပါတယ်။























































