မေ-၁၈၊၂၀၂၆။ရွှေပြည်စိုး၊သုည/People’s Spring
ရန်ကုန်မြစ်ဝအနီးကို ဗဟိုပြုပြီး ဒီနေ့မနက်မှာ ရစ်ခ်တာစကေး ၅ ဒဿမ ၃ အဆင့်ရှိတဲ့ငလျင်ကြောင့်လှုပ်ခတ်သွားပြီး ရန်ကုန်မြို့နယ်အများစုမှာ သိသာတဲ့ငလျင်ဒဏ်ခံစားခဲ့ရပါတယ်။
ငလျင်ကမေလ ၁၈ရက် မနက် ၈နာရီ၃၅မိနစ်မှာ ကျောက်တန်းမြို့ရဲ့မြန်မာ့ကမ်းရိုးတန်းအနီး မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်သွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်ထားပါတယ်။
အမေရိကန်ဘူမိလေ့လာရေး အသင်း(USGS ) ထုတ်ပြန်ချက်မှာကတော့ ကျောက်တန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းမှာရစ်ခ်တာစကေး ၅ ဒဿမ၂ အဆင့်လှုပ်သွားတာလို့ ထုတ်ပြန်ပါတယ်။ငလျင်ပြင်းအား ၅ ဒဿမ၂ ရှိတာမို့အင်အားအသင့် အတင့်ရှိတဲ့ငလျင်ဖြစ်ပါတယ် ။

Public Service Announcement
ဒီငလျင်ကြောင့် စမ်းချောင်း၊ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြိုအပါအတင် ရန်ကုန်မြို့မှာသိသာတဲ့ ငလျင်ခံစားလိုက်ရပါတယ်။
“ အထပ်မြင့်မှာနေတာ။တိုက်ကြီးယိမ်းထိုးသွားတယ်။ဆင်းပြေးကြတာတစ်လမ်းလုံးပဲ” လို့လှိုင်မြို့မှာနေသူတစ်ဦးကပြောပါတယ်။
ငလျင်ကြောင့် ထိခိုက်မှုရှိ မရှိအခြေအနေကိုတော့ မသိရသေးပါဘူး။
“ ၈ နာရီခွဲလောက်က ရန်ကုန်မှာ ငလျင်လှုပ်တာ တော်တော်ကြမ်းတယ်။ ၁ မိနစ်နီးပါးလောက် ရှိမယ် ထင်တယ်။ တိုက်ခန်း ၇ လွှာမှာ ဆိုတော့ သိသာတယ်။ တတိုက်လုံးကို ရမ်းခါသွားတာပဲ။ မီးဆိုင်းတွေ၊ အဝတ်စင်တွေပါ လှုပ်ရမ်းသွားတာပါ။ အိမ်အောက်မှာ လမ်းလျှောက်တဲ့သူတွေကတော့ သိပ်မသိသာဘူး။ တိုက်ခန်းပေါ်က လူတွေကတော့ သိသိသာသာ ခံစားလိုက်ရပြီး ခေါင်းတွေပါမူးတယ်” လို့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။
သာကေတမြို့နယ်နေ ပြည်သူတစ်ဦးကလည်း
“ ငလျင်က ဒီတခေါက် တော်တော်ကြမ်းတယ်။ ၈ လွှာက လူတွေဆို အောက်ကို ပြေးဆင်းကြတယ်။ ငလျင်က အထပ်မြင့်လေ ပိုသိသာလေပဲ။ ခုတခေါက် ငလျင်လှုပ်တာ ကြာလည်းကြာတယ်။ ၁ မိနစ် နီးပါးလောက်ရှိတယ်။ မှန်ပြတင်းပေါက်တွေဆို သိသိသာသာ ရမ်းခါသွားတယ်။ ရန်ကုန်မှာက တိုက်ခန်းတွေက ကပ်နေတဲ့အပြင် ဟောင်းလည်းဟောင်းနေတော့ ပြိုကျမှာ ကြောက်ပြီး ဆင်းပြေးကြတာပါ” လို့ပြောပါတယ်။
ရန်ကုန်တိုင်းဟာ ဒေးဒရဲ ပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ငလျင်ပညာရှင်တွေက ပြောပါတယ်။ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်းရန်ကုန်မြို့မှာငလျင်လှုပ်စေပါတယ်။
စစ်ကိုင်းပြတ်ရွေ့ တောင်ဘက်အပိုင်းဟာ ပဲခူးငလျင်အဖြစ် ၁၉၃၀ ခုနှစ်ကအင်အားပြင်း လှုပ်ခတ်ခဲ့ဖူးပါတယ်။ယင်းငလျင်ကြောင့် ရန်ကုန်မြို့မှာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး လူ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ စစ်ကိုင်းပြတ်ရွေ့က ၂၀၂၅ မတ်လ ၂၈ရက်မှာ မန္တလေးနဲ့စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး ဗဟိုပြုပြီး ရစ်ခ်တာစကေး ၇ ဒဿမ၇နဲ့ လှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွင်းငလျင်တွေ အကြိမ်ရာချီလှုပ်ရှားနေပါတယ်။




















































