မတ်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲရာနေရာကို ထပ်မံတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၃ရက်မွန်းလွဲပိုင်းမှာ တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၄ဦး သေဆုံးကာ အထိအခိုက်များနိုင်တယ်လို့ ထုတ်ပြန်ထားပြီး တော်လှန်ရေးရဲဘော် ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
မတ်လ ၄ရက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် စစ်ကောင်စီက ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီစစ်ဆင်ရေးကို မြိတ်ခရိုင် တပ်ရင်း(၂)တပ်ခွဲ ၁ ၊ မြိတ်ခရိုင် တပ်ရင်း(၃)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
မြိတ်ခရိုင် တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့ဟာ တနင်္သာရီမြိုနယ် တမုတ်ချုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၀ရက်နောက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်က ဒေသတွင်း ဆက်လက်တပ်စွဲထားတာဖြစ်လို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်တာတွေရှိနေမယ်လို့ မြိတ်ခရိုင် တပ်ရင်း(၂) သတင်းပြန်ကြားရေး တာဝန်ရှိသူက တမုတ်ချုံရွာ တိုက်ပွဲနဲ့ ပတ်သက်ပြီး အသိပေးပြောထားပါတယ်။

















































