မတ်−၄ ၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်နဲ့ ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၄)မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “ စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” စာသားတွေကိုင်ဆောင်ကာ ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဒေသခံတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုမှ အဖွဲ့၀င်တွေကို စဉ်ဆက်မပျက်လေ့လာသင်ယူနိုင်စေရန်နဲ့ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကို ဦးဆောင်စည်းရုံးရာမှာ လုံလောက်သောစွမ်းဆောင်ရည်တွေ ရှိစေဖို့ ရည်ရွယ်ချက်နဲ့ စွမ်းဆောင်ရည်မြှင့်သင်တန်းပေးခြင်း ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုလွင်မိုးသန့်နဲ့ ကိုငြိမ်းချမ်းနိုင် Public Speaking (လူထုရှေ့မှောက်စကားပြောခြင်း၊ ဒီမိုကရေစီမိတ်ဆက်၊ ဒီမိုကရေစီကျင့်၀တ် စတာတွေကိုလည်း ဆွေးနွေးပို့ချခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု






















































