ဖေဖော်ဝါရီ၂၈၊၂၀၂၆။ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့တွင်းက ပျူစောထီးတွေ ရိက္ခာပြတ်လပ်မှုတွေဖြစ်လို့ဆိုပြီး စစ်တပ်က ရွှေဘို- မြစ်ကြီးနားကုန်ကူးတဲ့ ကုန်ကားအစီး ၁၀၀ကျော်ကို စံပါယ်နံ့သာဂိတ်မှာဖမ်းဆီးပြီး ကုန်တွေသိမ်းယူသွားတယ်လို့ ဖြစ်စဉ်ကိုသိရှိထားသူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ၂၇ ရက်က ကန့်ဘလူမြို့ကနေစစ်ကြောင်းထွက်လာပြီး စံပါယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ကားတွေကို ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
“ ကန့်ဘလူကမြို့ထဲကလူတွေက စားနပ်ရိက္ခာ၊ဆေးဝါးကအစ အကုန်ပြတ်လပ်သွားတာလေ။အဲ့အချိန်မှာ ကတ္တရာလမ်းပိုင်းကို မဖမ်းတော့ဘူး။အခွန်မကောက်တော့ဘူးဆိုပြီး စစ်တပ်က အရင်လွှတ်ပေးထားတာ။အဲ့တော့ကားသမားတွေက လည်းကွင်းလည်းကမသွားဘဲ ဒီလမ်းကိုသုံးပြီးသွား နေတဲ့အချိန်မှ အမေ့ကောက်ပြီး မနေ့က အကုန်ဖမ်းလိုက်တာ။အစီးတရာကျော်တယ် တဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စံပါယ်နံ့သာဂိတ်ဟာ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ပျူစောထီးတွေပူးပေါင်းအထိုင်ချထားတဲ့ ဂိတ်ဖြစ်ပါတယ်။
အဲဒီဂိတ်ဟာ လူငယ်တွေကို ပေါ်တာဆွဲတာ၊ဖမ်းဆီးပြီး အရှင်လတ်လတ်မီးရှို့ခဲ့တာ ၊တန့်ဆည်မြို့နယ်ကို ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံကိုဖမ်းဆီးပြီး ဇနီးကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး ရွှေငွေတွေ လုယူတာ တွေဆက်တိုက်ကျူးလွန်ထားတဲ့ ဂိတ်ဖြစ်ပါတယ်။
အဲဒီဂိတ်ကြောင့် တော်လှန်ရေးတပ်တွေက ကွင်းလမ်းလုပ်ခဲ့ပေမယ့် ၂၀၂၅မှာ စစ်တပ်က ကွင်းလမ်းကိုပါ စစ်ကြောင်းထိုးထိန်းချုပ်ပြီး ပြန်ထိန်းချုပ်ခဲ့ပါတယ်။
ကားသမားတွေဘက်ကလည်း ကတ္တရာလမ်းပေါ်ကသာ မောင်းနှင်ခွင့်ပေးဖို့ တောင်းဆိုကြတာ ကြောင့် အဲဒီလမ်းကို တော်လှန်ရေးတပ်တွေကခွင့်ပြုပေးခဲ့တာပါ။
၂၀၂၅နှစ်ကုန်ပိုင်းအထိ စံပါယ်နံ့သာဂိတ်ဟာရလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ တွေကြောင့် စစ်သင်တန်းပို့ချိန်ကားပေါ်က ခုန်ချခဲ့တဲ့လူငယ်တွေကို မကြာခဏ တော်လှန်ရေးတပ် တွေကယ်ထုတ်ခဲ့ရတာတွေလည်းရှိပါတယ်။
အဲဒီနောက် နာမည်ဆိုးနဲ့အလွန် ကျော်ကြားလာပြီးနောက် စစ်တပ်က အနည်းငယ်ထိန်းရာကနေ ယခုလို အကြမ်းဖက်ဖမ်းဆီးမှုတွေ ပြန်ရှိလာတာလို့ သိရပါတယ်။
















































