ဖေဖော်ဝါရီ-၂၆၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring
ဖားကန့်မှာ စစ်ကောင်စီက ၉တန်းကျောင်းသားတစ်ဦးကိုဖမ်းဆီးသွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ အဆက်အသွယ်ပြတ်နေတဲ့အတွက် မိသားစုဝင်တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မော်ဝမ်းကလေးကျေးရွာကနေ ဖားကန့်မြို့ပေါ်ကို စစ်လာရှောင်နေတဲ့ ၉တန်းကျောင်းသား မောင်မဒိန်နော်ဆိုင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ၂၂ရက်နေ့မှာ ဖမ်းဆီးသွားတာပါ။
” ရဲစခန်းရှေ့ကို ဖြတ်တုန်း ဖမ်းသွားတာ။ ဖမ်းတာက ရဲတွေမဟုတ်ဘူး။ စစ်တပ်က ဖမ်းတာ။ ဒီနေ့အထိ မေးလို့မရသလို တွေ့ခွင့်လည်း မပေးတော့ စိုးရိမ်နေကြပြီ ဟုတ်တယ်” လို့ ဒေသခံတစ်ဦးက ဒီနေ့ ဖေဖော်ဝါရီလ၂၆ရက် မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement
မောင်မဒိန်နော်ဆိုင်းဟာ အသက် ၁၆နှစ်အရွယ် လူငယ်ဖြစ်ပါတယ်။ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ ဖမ်းဆီးခံရပြီးတဲ့နောက် ရဲစခန်းနဲ့ စစ်တပ်ဗျူဟာကုန်းကို သွားရောက်စုံစမ်းပေမယ့် အကျိုးအကြောင်းမသိရသေးဘူးလို့ မော်ဝမ်းကလေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။
ဖားကန့်မှာ ဖေဖော်ဝါရီလလယ်က တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေ မကြာခဏပစ်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတာတွေရှိနေပါတယ်။
လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDF က ဖေဖော်ဝါရီလ ၁၄ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းမှာ လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကို KIA၊KPDF က သိမ်းယူနိုင်ခဲ့ပါတယ်။ စခန်းတွေဆုံးရှုံးပြီးတဲ့နောက် စစ်ကောင်စီကဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ညပိုင်းမှာ ပြန်ဆုတ်ခွာခဲ့ပါတယ်။ဖေဖော်ဝါရီလ၁၅ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ ရှမ်းနီ(SNA)တပ်တွေ ပြန်ဝင်လာပြီး ဒအရပ်သားတွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ လုယက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးသွားပြီးနောက်ပိုင်းမောင်မဒိန်နော်ဆိုင်း ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။

















































