ဖေဖော်ဝါရီ-၂၃၊၂၀၂၆။တေဇ/People’s Spring
ပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့ နိုင်ငံတကာအစိုးရတွေကို Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။
အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေတဲ့ ကွင်းဆက်မှာ ပါဝင်ပတ်သက်တဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချက်ချင်းချမှတ်ဖို့ JFMက တောင်းဆိုထားတာပါ။
“ စစ်အုပ်စုရဲ့ အဆက်မပြတ် သတ်ဖြတ်တာတွေကို ပံ့ပိုးပြီး၊ အကျိုးအမြတ် ရရှိနေတဲ့ ဒီသင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်မှုတွေ အဆောတလျင် လုပ်ဆောင်နိုင်မှုအပေါ် မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်က မှီခိုနေတာ ဖြစ်ပါတယ်” လို့ JFMပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Public Service Announcement
လက်ရှိ စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေတာက ဗီယက်နမ်ကနေ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်ဖြစ်ပြီး ဒီလိုထောက်ပံ့နေတာက မြန်မာပြည်သူတွေအပေါ် လေကြောင်းကနေ အကြမ်းဖက်မှုတွေကို အားပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဗီယက်နမ် ပါဝင်ပတ်သက်နေမှုကလည်း အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေပါတယ်။ အာဆီယံရဲ့ ပျက်ကွက်မှုက မြန်မာအကျပ်အတည်းအပေါ် ထိရောက်တဲ့ နိုင်ငံတကာတုန့်ပြန်ဆောင်ရွက်မှုကို ဆက်လက်ဟန့်တားနေပြီး၊ တချိန်ထဲမှာပဲ အဖွဲ့ဝင်နိုင်ငံအချို့ကတော့ အကျိုးအမြတ်တွေ ရယူနေကြပါတယ်” လို့ မရတနာမောင်က ပြောပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်မှာ ပါဝင်နေတဲ့ သင်္ဘောတွေ၊ ပိုင်ရှင်တွေ၊ မန်နေဂျာတွေနဲ့ အခြားအဖွဲ့အစည်းတွေကို တရားစီရင်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ ပိတ်ဆို့အရေးယူမှုတွေ မဖြစ်မနေလုပ်ဆောင်ဖို့ မရတနာမောင်က တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်အထိ နိုင်ငံတကာအစိုးရတွေထဲမှာ ကနေဒါနိုင်ငံတစ်ခုပဲ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ရောင်းချ ပံ့ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းတွေကို ပိတ်ပင်ထားပြီး လေယာဉ်ဆီသယ်ယူပို့ဆောင်မှုအတွက် ရေကြောင်းအာမခံဝန်ဆောင်မှုပေးခြင်းကိုပါ ပိတ်ပင်ဖို့ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ ကနေဒါနိုင်ငံလို လုပ်ဆောင်ပြီး သွေးစွန်းနေတဲ့ ကုန်သွယ်မှုကို ရပ်တန့်ဖို့ မရတနာမောင်က တောင်းဆိုထားပါတယ်။
စစ်ကောင်စီက သူတို့ရဲ့ရွေးကောက်ပွဲလုပ်ဆောင်ဖို့ ပြင်ဆင်နေချိန် ၂၀၂၅ မှာ လေကြောင်းတိုက်ခိုက်မှုတွေ အများအပြားလုပ်ဆောင်ခဲ့ပြီး ပြည်သူအများအပြား အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ တစ်နှစ်တာအတွင်း လေယာဉ်ဆီတင်သွင်းမှုက ၂၀၂၄ ထက် နှစ်ဆနီးပါးတိုးလာခဲ့တယ်လို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ ရိုက်တာသတင်းဌာန Reuters တို့ မကြာသေးမီက ထုတ်ပြန်ထားတဲ့ သက်သေအထောက်အထားအသစ်တွေအရ လေယာဉ်ဆီတင်သွင်းမှုတွေက အီရန်ဆက်နွှယ် “မှောင်ခိုသင်္ဘောအုပ်စု” တွေကနေ လေယာဉ်ဆီ ပံ့ပိုးပေးမှုများကြောင့် လုပ်ဆောင်နေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ သင်္ဘောတွေ ၊ သင်္ဘောပိုင်ရှင်တွေ ၊ စီးပွားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှု (ISM) မန်နေဂျာအဖွဲ့၊ လေယာဉ်ဆီသိုလှောင်ဆိပ်ကမ်းနဲ့ စစ်အုပ်စုတရားမဝင်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရေးတကြီး တိုးချဲ့ချမှတ်ရေး ချက်ချင်းလုပ်ဆောင်ဖို့ JFMက တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – JFM

















































