ဖေဖော်ဝါရီ-၂၅၊၂၀၂၆။ဆဏ်း/People’s Spring
မွေးနေ့လက်ဆောင်ကမ်ပိန်းအတွက် ရည်ရွယ်ထားတဲ့ ပမာဏမပြည့်သေးတာကြောင့် ဖေဖော်ဝါရီ ၂၆ ရက်အထိရက်တိုးထားတယ်လို့ တော်လှန်အနုပညာရှင်မင်းမော်ကွန်းက ပြောပါတယ်။
“ Target ပြည့်ဖို့ 16%လောက်ပဲ လိုပါတော့တယ်ဗျို့ ။မနက်ဖြန် အချိန် (၁)ရက်ကျန်ပါသေးတယ်။Target ပြည့်မယ်လို့ ယုံကြည်ပါရစေချစ်ခင်ရတဲ့ မိတ်ဆွေများဝိုင်းဝန်းကူညီကြပါဦးခင်မျာ” လို့ မင်းမော်ကွန်းတောင်းဆိုထားပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်မွေးနေ့ရှင် မင်းမော်ကွန်းရဲ့ မွေးနေ့အမှတ်တရအနေနဲ့ နွေဦးတော်လှန်ရေးမှာ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကို ခြေတု၊ လက်တု တပ်ဆင်ပေးနိုင်ဖို့ ဒီကမ်ပိန်းကို ပြုလုပ်နေတာပါ။

Public Service Announcement
ကမ်ပိန်းက ဖေဖော်ဝါရီ ၂ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရည်ရွယ်ထားတဲ့ ငွေကျပ်သိန်း ငါးထောင် မပြည့်သေးတာကြောင့် ရက်တိုးခဲ့တာပါ။
“ မနက်ဖြန် ကိုကျော့်မွေးနေ့။ ကိုကျော်က သူ့မွေးနေ့အတွက် ထိခိုက်ဒဏ်ရာရထားပြီး ခြေလက်အင်္ဂါအစားထိုး တပ်ဆင်နိုင်ဖို့စောင့်နေရတဲ့ ရဲဘော်တွေကိုကူညီနိုင်ဖို့ ကမ်ပိန်းလေး လုပ်နေတာရှိပါတယ်ကမ်ပိန်းက မနက်ဖြန် ကိုကျော့်မွေးနေ့မှာပဲ နောက်ဆုံးနေ့အဖြစ် ပြုလုပ်သွားမှာပါ။ ကမ်ပိန်းမျှော်မှန်းထားတဲ့ ပမာဏကိုပြည့်မီဖို့ အနည်းငယ်ပဲ လိုတော့တာမလို့ ဝိုင်းဝန်း ကူညီပေးကြပါဦးနော်” လို့ ပိုင်ဖြိုးသုကလည်း တိုက်တွန်းထားပါတယ်။
မင်းမော်ကွန်းက သူ့ရဲ့မွေးနေ့မှာ သူကိုယ်တိုင်ရိုက်ကူးထားတဲ့ The Rubbish ဆိုတဲ့ ဇာတ်လမ်းတို ရုပ်ရှင်ကားကို 24FM Website ကနေ အခမဲ့ပြသသွားမှာပါ။
ရဲဘော်တွေအတွက် ခြေတုတပ်ဆင်ဖို့က ထိုင်းဘတ် နှစ်သောင်းကနေ ငါးသောင်းအထိ ကုန်ကျနိုင်ပြီး ဒီကမ်ပိန်းကရလာတဲ့ ကျပ်သိန်း ငါးထောင်က နွေဦးတော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားတဲ့ ရဲဘော် အနည်းငယ်အတွက်ပဲ ကူညီပေးနိုင်မှာဖြစ်ပါတယ်။
ဒီကမ်ပိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ကလည်း “ မြန်မာပြည်လွတ်လပ်ဖို့ ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသူတွေကို ထောက်ပံ့ဖို့ အနုပညာရှင် မင်းမော်ကွန်းရဲ့ လှုပ်ရှားမှုကို ကျွန်တော်လည်း ထောက်ခံပံ့ပိုးချင်ပါတယ်” လို့ပြောထားပါတယ်။

















































