close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်လိုကြောင်း ဘေဂျင်းခရီးစဉ်မှာ ဂျာမန် အဓိပတိပြော

တရုတ်နဲ့ ဆက်ဆံရေး ပြန်လည် နွေးထွေးလာစေဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ လိုလားကြောင်း ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်က သူ့ရဲ့ ဘေဂျင်းခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ ဆက်ဆံရေး ပြန်လည် နွေးထွေးလာစေဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ လိုလားကြောင်း ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်က သူ့ရဲ့ ဘေဂျင်းခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဂျာမနီ အစိုးရ အကြီးအကဲ ဘဝမှာ တရုတ်နိုင်ငံကို ပထမဆုံး အလည်အပတ် ခရီးစဉ် ရောက်ရှိလာခဲ့တဲ့ မားဇ်ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူနဲ့အတူ ဂျာမနီရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းရှင်တွေလည်း တရုတ်နိုင်ငံကို လိုက်ပါလာခဲ့ပါတယ်။

မနှစ်တုန်းက ဂျာမနီရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ တရုတ်နဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် လက်တွဲ ဆောင်ရွက်မှုတွေ စတင်လာစေဖို့ လိုလားကြောင်း မားဇ်က ရှီကို ပြောကြားခဲ့ပါတယ်။

ရှီက မားဇ်ရဲ့ အပြုသဘောဆောင်တဲ့ မှတ်ချက်စကားတွေကို ကြိုဆိုခဲ့ပြီး ကမ္ဘာ့အခင်းအကျင်းတွေက ပိုရှုပ်ထွေးပြီး မှန်းဆရ ခက်လာလေလေ၊ ဂျာမနီနဲ့ တရုတ်ကြား မဟာဗျူဟာမြောက် ဆက်သွယ်မှုတွေ၊ အပြန်အလှန် လေးစားယုံကြည်မှုတွေကို ပိုပြီး လိုအပ်လေလေ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစဉ်အလာ အရတော့ တရုတ်ဟာ အနောက်ဥရောပ နိုင်ငံတွေနဲ့ နိုင်ငံရေးအရ ပြိုင်ဘက်ဆန်တဲ့ ရပ်တည်မှုမျိုး ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီး မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို လျှော့ချလာတဲ့နောက် အနောက်နိုင်ငံ ခေါင်းဆောင်တွေဟာ တရုတ်နဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ကြိုးစားလာပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပြင်သစ်၊ ဗြိတိန်၊ ဖင်လန်၊ ကနေဒါစတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြသလို ရှီနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ ဒါ့အပြင် ထရမ့်ကလည်း ဧပြီလထဲမှာ ဘေဂျင်းကို သွားရောက်မယ်လို့ ပြောကြားထားပါတယ်။

မားဇ်ဟာ ဘေဂျင်းမှာ တရုတ် ဝန်ကြီးချုပ် လီကျန်းနဲ့လည်း တွေ့ဆုံခဲ့ပြီး လီက တရုတ်အနေနဲ့ မော်တော်ကား ထုတ်လုပ်မှု၊ စက်မှုလက်မှု နည်းပညာ၊ ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ဇီဝဆေးဝါး ကဏ္ဍတွေမှာ ဂျာမနီနဲ့ ပူးပေါင်းမှုတွေ ပိုမိုမြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါတယ်။

မားဇ်က တရုတ်နဲ့ ဂျာမနီတို့ဟာ နီးကပ်စွာ ပူးပေါင်းလာနိုင်ခဲ့ကြောင်း၊ ဒီအခြေအနေက အခွင့်အလမ်းတွေအပြင် စွန့်စားရမှုတွေကိုပါ ဖိတ်ခေါ်နေကြောင်း၊ ဒါပေမဲ့ နှစ်ဖက် အကျိုးစီးပွားကို အလေးပေးပြီး အဲဒီ စွန့်စားရမှုတွေကို လျှော့ချနိုင်ဖို့ ဂျာမနီက မျှော်လင့်ကြောင်း ဆိုပါတယ်။ မနှစ်တုန်းက တရုတ်က မဟာဗျူဟာ သတ္တု တင်ပို့ခွင့်တွေကို ကန့်သတ် တင်းကျပ်လိုက်ပြီး အကျိုးဆက် အနေနဲ့ ဂျာမနီက စက်မှုလုပ်ငန်းတွေ ကုန်ကြမ်း ပြတ်သွားခဲ့ဖူးပါတယ်။ မတ်စ်ခ်က နှစ်ဖက်စလုံးဟာ အပြန်အလှန် စိုးရိမ်မှုတွေ၊ လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုး ဆွေးနွေးဖို့ ဆန္ဒရှိနေကြတယ်လို့လည်း သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။

မားဇ်ဟာ လာမယ့် သီတင်းပတ်ကျရင် ဝါရှင်တန်ဒီစီကိုလည်း သွားရောက်ပြီး အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံမှာပါ။ သူက ဂျာမနီမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုချဲ့ထွင်လာဖို့လည်း တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ အရေးကြီးတာက အဲဒီအပိုင်းမှာ နှစ်ဖက်စလုံးက အမြင်ရှင်းကြဖို့ဖြစ်ကြောင်း မားဇ်က သတိပေးခဲ့ပါတယ်။

ထရမ့်ရဲ့ မူဝါဒတွေက ဥရောပ မိတ်ဖက်တွေအပေါ် ဆိုးကျိုးရိုက်ခတ်မှုတွေ ရှိလာချိန်မှာ တရုတ်က တည်ငြိမ်တဲ့၊ ယုံကြည်ထိုက်တဲ့ ကုန်သွယ်ဖက် ပုံရိပ်မျိုးကို တည်ဆောက်နေပါတယ်။ မားဇ်ဟာ တရုတ်ဝန်ကြီးချုပ် လီနဲ့လည်း ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှု ထိန်းညှိရေး၊ သန့်စင်စွမ်းအင် ပိုမို အသုံးပြုရေးဆိုင်ရာ စာချုပ် ၅ ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လက ဗြိတိန်နဲ့ ကနေဒါ ခေါင်းဆောင်တွေရဲ့ ဘေဂျင်း ခရီးစဉ်အတွင်း တရုတ်နဲ့ သဘောတူညီမှု စာချုပ် ၈ ခုနဲ့ ၁၂ ခုစီ လက်မှတ်ရေးထိုးခဲ့တာနဲ့ ယှဉ်ရင်တော့ ဒီအရေအတွက်က နည်းပါးနေတာကို တွေ့ရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် လေယာဉ်မှူးတွေကို လေ့ကျင့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် လေတပ် အရာရှိဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ တရုတ်လုပ် သင်္ဘောဖျက် ဒုံးကျည်တွေကို ဝယ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံက မီးရှူးမီးပန်း အရောင်းဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံကို ဦးတည်တဲ့ ထုတ်လွှင့်မှုတွေ ပြန်စတင်နေပြီလို့ လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနက ပြောကြားခဲ့ပါတယ်။