ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကောင်စီက စစ်ပွဲဖြစ်ပွားမှုမရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ရက်မနက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီက KIA တပ်မဟာ(၉) အနန့်ပါဒေသကို ဖေဖော်ဝါရီ ၂၁ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံး ၅ကြိမ် ကြဲချခဲ့သလို တပ်မဟာ(၈) ဒေသကိုလည်း လေယာဉ်နဲ့ ဗုံး ၂ကြိမ်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တပ်မဟာ(၈)နယ်မြေကို ဖေဖော်ဝါရီ ၁၈ရက်က စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ကြိမ်ကြဲချခဲ့ပြီး အဲဒီတုန်းက ပြည်သူ ၂ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။
KIA တပ်ရင်း(၁၁)နယ်မြေကိုလည်း စစ်တပ်က လေကြောင်းဗုံးကြဲခဲ့သလို KIA တပ်မဟာ(၃)ဒေသ အင်ပါဘာဘက်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
လိုင်ဇာမြို့အနီးကိုလည်း ဖေဖော်ဝါရီ ၂၀ရက်ညက ဒရုန်းနဲ့ ဗုံးကြဲခဲ့သလို အဲဒီနေ့မှာပဲ မြစ်ကြီးနား မပခ စစ်တိုင်းက လက်နက်ကြီးပစ်ခတ်လို့ စီတာပူရပ်ကွက်က နေအိမ် ၅လုံး ပျက်စီးကာ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက အသိပေးပါတယ်။
မနေ့က ဖေဖော်ဝါရီ ၂၁ရက်မှာ စစ်တပ်က KIAထိန်းချုပ်နယ်မြေက နေရာ ၅ခုထက်မနည်းကို လေကြောင်းဗုံးကြဲခဲ့တာလို့ ကချင်စစ်ရေး သတင်းမြစ်အချို့က အသိပေးပါတယ်။
“ အထိအခိုက်တော့ နည်းနည်းရှိတယ်။ဆဒုံးမြိုမှာ ၂ကြိမ်၊ မံဝန်းကြီးဘက်၂ကြိမ်၊ နမ္မတီး တပ်ရင်း(၁၁) ဘက် တကြိမ်”လို စစ်ရေးသတင်းရင်းမြစ်က မနေ့က လေကြောင်းဗုံးကြဲခံရမှုကို ပြောပါတယ်။
KIA သတင်းရင်းမြစ်တစ်ဦးကလည်း KIA တပ်မဟာ(၉) နယ်မြေ၊ တပ်မဟာ(၈) ထိန်းချုပ်နယ်မြေ တနေရာ၊ တပ်မဟာ(၂) ထိန်းချုပ်နယ်မြေ တနေရာ၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ တနေရာနဲ့ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ တနေရာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို အတည်ပြုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဒေသတွင်း စစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

















































