“ တိုက်ပွဲဖြစ်တဲ့နေရာ သုံးနေရာလောက်ရှိပါတယ်။ ကျန်တဲ့နေရာတွေကတော့ ကျနော်တို့ရဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ ရွာတွေ ပြည်သူလူထုရဲ့ နေအိမ်တွေကိုပဲ ပစ်မှတ်ထားပြီး ဗုံးကြဲတာကို တွေ့ရပါတယ်”
— ဗိုလ်မှူးကြီးနော်ဘူ
အောက်တိုဘာ-၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေထဲက နေရာ ၁၁နေရာကို အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၂၁ရက်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အောက်တိုဘာ ၂၁ရက်က ဖားကန့်၊ လန်ဆယ် ဒေသကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို ပြောပြတာပါ။
မနေ့က မနက် ၈နာရီလောက်မှာ ဖားကန့်ဒေသ KIA အမှတ်(၆) တပ်ရင်းဌာနချုပ် ပတ်ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ရှိခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement
” ဗုံးကြဲတဲ့ နေရာကတော့ အဲဒီ တပ်ရင်းဌာန ပတ်ဝန်းကျင် ပေါ့။ အလုံးပေါင်း ၃၀ကျော်ကြဲချတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ လူနဲ့ အိမ်တွေ ထိခိုက်မှုရှိမရှိကိုတော့ မသိရပါဘူး။ သူတို့ သတင်းပို့လာတာကတော့ အိမ်နဲ့ လူထိခိုက်မှုတော့မရှိဘူးလို့ ပြောပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မနေ့က နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီက ဝိုင်းမော်မြို့နယ် လမြန်ဒေသနဲ့ ရွှေညောင်ပင်၊ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
” လန်ဆန်ဘက်မှာကတော့ ပြည်သူလူထုရွာတွေဖြစ်နေတဲ့ ၆ရွာ ၊ ၇ရွာလောက်မှာ ဗုံးကြဲတာရှိပါတယ်။ နောက် ရွှေညောင်ပင်မှာလည်း ဗုံးကြဲတာရှိပါတယ်။ ရွှေညောင်ပင်မှာ ပြည်သူလူထုတွေထိခိုက်တာ စျေးတန်းတွေပျက်စီးသွားပြီး မွေးထားတဲ့ ဝက်တွေတောင်မှ တော်တော်များများ ထိခိုက်တယ်ဆိုတဲ့ သတင်းရပါတယ်။ခြုံပြီးမှ ပြောမယ်ဆိုရင် ဒီနေ့ကတော့ ကျနော်တို့ KIO ထိန်းချုပ်နေရာမှာ ဗုံးကြဲတဲ့နေရာ အများဆုံးနေ့လို့ပဲ ပြောလို့ရပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မနေ့ကတရက်တည်း KIO ထိန်းချုပ်နယ်မြေက နေရာ ၁၁နေရာကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
” တိုက်ပွဲဖြစ်တဲ့နေရာ သုံးနေရာလောက် ရှိပါတယ်။ ကျန်တဲ့နေရာတွေကတော့ ကျနော်တို့ရဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ၊ ရွာတွေ ပြည်သူလူထုရဲ့ နေအိမ်တွေကိုပဲ ပစ်မှတ်ထားပြီး ဗုံးကြဲတာကိုတွေ့ရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဒီကနေ့ (အောက်တိုဘာ ၂၂ရက်) မနက်မှာလည်း ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသကို Y12လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု စတင်ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကိုဗုံးကြဲတာဟာ ပြည်သူလူထုတွေအကြောက်တရား ဖြစ်ပေါ်အောင် လုပ်ဆောင်နေတာလို့ သူက ပြောပါတယ်။
“ လေယာဉ်နဲ့ အနိုင်ကျင့်တာလည်း ပါတာပေါ့။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီက KIO/KIA နယ်မြေကို လေကြောင်း စစ်ဆင်ရေးအရှိန်မြှင့်လုပ်ဆောင်နေလို့ ပြည်သူတွေ သတိပြုဖို့ ပိုအရေးကြီးလာတယ်လို့လည်း သူက သတိပေးပါတယ်။
















































