အောက်တိုဘာ-၂၁၊၂၀၂၅။မေရီ၊ရှိန်း/People’s Spring
မန္တလေးမြို့မှာ ငလျင်ထိထားတဲ့တိုက်ဖြိုချရင်း ပြိုကျလို့ အမျိုးသားတဦး ပိမိပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။
အောက်တိုဘာ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနဲ့ ၃၅ လမ်းကြား၊ ၈၅ အေလမ်းမှာ ငလျင်ထိထားတဲ့တိုက်ဖြိုရင်း ပြိုကျပြီး အမျိုးသားတဦးပိမိခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။
“ လက်ရှိသိရတာ နေအိမ်၂လုံးပိသွားတယ်လို့ သိရတယ်။အဲဒီအိမ်ထဲမှာ လူတဦး ပိမိနေတယ်ဆိုလို့ ကယ်ထုတ် နေကြတယ်။အသေးစိတ်တော့ မသိရသေးဘူး။အခုကယ်ထုတ်ဖို့ကြိုးစားနေကြတယ်” လို့ မြို့ခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦး ကလည်းပြောပါတယ်။

Public Service Announcement
ပိမိတဲ့အမျိုးသားဟာအောင်နန်းအနောက်ရပ်ကွက်နေ ကိုဝင်းကိုဆိုသူဖြစ်ပြီး၎င်းအားနယ်မြေခံမီးသတ်တွေ၊ ပရဟိတအသင်းတွေက ကယ်ဆယ်ပေးနေတယ်လို့ ရပ်ကွက်ခံတွေက ပြောပါတယ်။
“ အထဲက မီးခိုးတွေလည်းထွက်နေတာ။ ဘေးအိမ်တွေလည်း ပိသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပိမိနေသူဆီက တုံ့ပြန်သံကြားရလို့ ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ငလျင်ကြီးဖြစ်ပွားပြီးနောက်ပိုင်း တိုက်တွေဖြိုချရင်း ၄ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။
မန္တလေးမြို့မှာ မတ်လ၂၈ ရက်နေ့က ၇.၇ပြင်း အားရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နေအိမ်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး ပြည်သူပေါင်း ထောင်နဲ့ချီသေဆုံးခဲ့ပါတယ်။



















































