အောက်တိုဘာ-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
အင်းသားလူမျိုးတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဦးဆောင်မှုတရပ်ထူထောင်နိုင်ဖို့ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၁ရက်( တန်ဆောင်မုန်းလဆန်း ၁ရက်)မှာ ကျရောက်တဲ့ (၁၀)နှစ်မြောက် အင်းသားအမျိုးသားနေ့ကို PNFCက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့တာနဲ့ပတ်သက်ပြီး ဦးခွန်မြင့်ထွန်းက အခုလို ပြောကြားတာပါ။
တက်ကြွနိုးကြားတဲ့ အင်းလေးလူထု လှုပ်ရှားမှုအဖွဲ့တွေ အပါအဝင် အင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ ပေါင်းပြီး ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ အင်းသားနိုင်ငံရေးကိုယ်စားပြု ဦးဆောင်မှု တရပ် ပေါ်ပေါက်လာရေးဟာ အင်းသားတော်လှန်ရေးနဲ့ အတူ လူထုနွေဦး တော်လှန်ရေးရဲ့ လိုအပ်ချက်တရပ်ဖြစ်တယ်လို့ PNFCက သဝဏ်လွှာ ပေးပို့ပါတယ်။

Public Service Announcement
“အင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ကလည်း အင်းသားလူမျိုးကို ကိုယ်စားပြုတဲ နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းတရပ်ကိုလည်း စုပေါင်းဖွဲ့စည်းနိုင်မယ်လို့ကျနော်တို့ မျှော်လင့်ယုံကြည်ပါတယ်” လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ထိုသို့ ဖွဲ့စည်းနိုင်ရေး တက်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆက်လက်ပြောကြားပါတယ်။
“ဒါမှ ကိုယ့်ရဲ့ ဒေသအလိုက်၊ ကိုယ့်ရဲ့လူမျိုးအလိုက် စုစည်းညီညွတ်မှုတွေကနေ တဆင့်ပေါ့ တော်လှန်ရေးအင်အားစုများအားလုံး အကြားမှာ ခိုင်မာအားကောင်းတဲ့ နိုင်ငံရေး ဦးဆောင်မှုတရပ် ထူထောင်နိုင်မှာ ဖြစ်ပါတယ်။” လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ပအိုဝ်းနဲ့ အင်းသားလူမျိုးတွေအကြား အရင်က ဘာပဋိပက္ခမှ မရှိခဲ့ဘဲ သမိုင်းတလျှောက် အေးအတူ ပူအမျှနေထိုင်ခဲ့ကြတာဖြစ်ပေမယ့် လက်ရှိမှာ လူမျိုးရေးပဋိပက္ခ ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာအောင် စစ်အုပ်စုဘက်ကဖန်တီးလာတာရှိနေတယ်လို့လည်း သတိပေးပါတယ်။
“ဒီလို ဖန်တီး ပေမယ့် အင်းသားနဲ့ ပအိုဝ်းလူထုတွေအနေနဲ့ ရင့်ကျက်တဲ့ နိုင်ငံရေးအတွေ့အကြုံများ ရှိနေပြီဖြစ်လို့ စစ်အာဏာရှင်စနစ်ကို မျက်ခြေမပျက် အမြစ်ဖြတ် ချေမှုန်းတိုက်ဖျက်သွားကြမှာ ဖြစ်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကလည်း အင်းသားအမျိုးသားနေ့ကို သဝဏ်လွှာ ပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေးအတွက် အင်းလေးဒေသအတွင်း စစ်အာဏာရှင်စနစ်ကို ရဲဝင့်စွာ တော်လှန်လျက်ရှိကြောင်း ဖော်ပြကာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
















































