စက်တင်ဘာ−၂၉၊ ၂၀၂၅။ရှိုင်း/People’s Spring
ရခိုင်ဒေသမြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ လူစုလူဝေးရှိတယ်လို့ ယူဆတဲ့နေရာတွေကို နေ့၊ည အချိန်မရွေး လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ပိုလုပ်လာလို့ အဲဒီလိုတိုက်ခိုက်မှု ဘေးရန်ကို အရင်ထက်ပိုသတိထားဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ စက်တင်ဘာ ၂၉ရက်မှာ အရေးပေါ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခု ရပ်ပိုင်းတွေမှာ အာရက္ခဒေသအတွင်း AA အပြည့်အဝထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့ရွာတွေကစာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘုန်းတော်ကြီးကျောင်း စတဲ့နေရာတွေကို အချိန်မရွေး လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်နေတာကြောင့် အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။
ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုရန်ကို အရင်ထပ်ပိုသတိထားဖို့ စစ်ရေးသတိ အပြည့်အဝ အချိန်မရွေးရှိကြဖို့ AAက ထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

Public Service Announcement
AAနဲ့ စစ်ကောင်စီဟာ အာရက္ခဒေသအတွင်းတိုက်ပွဲတွေနဲ့ အာရက္ခဒေသ အစပ် နေရာ ၃နေရာမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး တပ်ပျက်နေကြောင်း AAက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အတင်းအဓမ္မ စုဆောင်းခြင်းခံရသော တပ်ဖွဲဝင်များမှာ တိုက်ခိုက်လို စိတ်မရှိဘဲ ရှေ့တန်း၊ နောက်တန်းတွေမှာ အခွင့်ရရင် ရသလိုတပ်ပြေးတာ ဘက်ပြောင်းတာ၊ အလံဖြူထောင်တာတွေ နေတိုင်းရှိနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့ရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အထဲက အခု စက်တင်ဘာ ၁၂ရက်မှာ ကျောက်တော်မြို့နယ် သရက်တပင်ရွာက စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား၊ ကျောင်းသူ ၂၀ဦး သေဆုံးကာ ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

















































