စက်တင်ဘာ-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring
ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဘောလခဲမြို့နယ်ကိုလည်း စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(စက်တင်ဘာ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။
ကရင်နီပြည်နယ်တွင်း စစ်ရေးအခြေအနေ ထုတ်ပြန်ချက်တွေအရ ဒီးမော့ဆိုမြို့နယ်အတွင်းကို သြဂုတ်ကစလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ထိုးစစ်ဆင်နေတဲ့ ဒေါငံခါးရွာနဲ့ အနီးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်တာ၊ဒရုန်း နဲ့တိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတိုက်ခိုက်မှုတွေ နေ့စဥ်လုပ်နေတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေရာယူပြီး လမ်းဘေးဝဲယာက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီးမော့ဆို-ဖရူဆိုမြို့နယ်က စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ယာဥ်တန်းတွေက ဖရူဆိုအခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကို ရောက်ရှိနေပြီး အဲဒီကတဆင့် ဘောလခဲ မြို့နယ်ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“ ဒီနေ့အထိ မြေပြင်အခြေအနေမှာဆိုရင် စစ်ကောင်စီက ဖရူဆို ၁၄ ကျောင်းအထိကို သူ့ရဲ့ရိက္ခာကားတွေအများကြီးရောက်သွားပြီ။၁၁၁၁ မစခင်အခြေအနေကို ပြန်ရောက်သွားတဲ့အခြေအနေဖြစ်တယ်။ကျွန်တော်တို့အများကြီးအလုပ်လုပ်ပြီး ပြန်တိုက်ယူရမယ့်အခြေအနေဖြစ်တယ်” လို့ KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလုပ်တဲ့ ဒီးကူပွဲမှာ ပြောပါတယ်။
လက်ရှိ အခြေအနေတွေကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာ နေရာတွေနဲ့ နီးစပ်တဲ့ကျေးရွာတွေက ပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့၊တော်လှန်ရေးတပ်ဖွဲ့တွေထုတ်ပြန်ချက်လိုက်နာဖို့ KNDF က တိုက်တွန်းထားပါတယ်။
မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေပြီး မိုးဗြဲမြို့အနီးက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
















































