စက်တင်ဘာ-၆၊၂၀၂၅၊မေ/People’s Spring
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းကစစ်ဘေးရှောင်ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ဒေသခံ တွေကပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး အောင်ချမ်းသာ(ခ)ရွာသာယာရွာ က ပြည်သူတွေစစ်ဘေးရှောင်တွေဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။
“စစ်ဘေးရှောင်ဆိုတော့သက်ကြီးရွယ်အိုတွေရော၊အပျိုတွေရော၊ကလေးတွေ ရော၊ယောကျာ်းသားတွေရော အကုန် ပေါ့။ဒါစစ်ကြောင်းထိုးရင် သူတို့ဒိုင်းကာ လုပ်လာနိုင်တယ်”လို့ဒေသခံတဦကပြောပါတယ်။

Public Service Announcement
စက်တင်ဘာလ၄ရက် နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မကျီးကုန်းရွာဘက်ကို ရောက် နေတဲ့စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားတာလို့စုံစမ်းသိရပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာလမိုင်း၊မကျီးကုန်းနဲ့ ကင်းရွာ ရဲ့ တောင်ဘက်တို့မှာရှိနေပြီး ထိတွေ့ တိုက်ပွဲ တွေလည်းဖြစ်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့ရဲ့ မြောက်ဘက်က PDFစိုးမိုးနယ် မြေတခုဖြစ်တဲ့ရေနံ့သာရဲစခန်းကိုလည်း စက်တင်ဘာ၄ရက် နေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာ ၅ ရက်နေ့ကလည်းမတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ် ။ဗုံးကြဲမှုကြောင့်ထိခိုက်သေဆုံးပျက်စီးမှု ရှိ ၊အရှိကိုတော့မသိရသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (မန္တလေး-PDF)က ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်း(ရှမ်းမန်း စစ်ဆင်ရေး)နဲ့ မတ္တရာမြို့နယ် အရှေ့ရှမ်းက စစ်တပ်စခန်း ၄၀ ခန့်ကို ၂၀၂၄ ခုနှစ်မှာသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။ စစ်တပ်က မတ္တရာမြို့နယ် အရှေ့ခြမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကအပြင်းအထန် တန်ပြန်ထိုးစစ်ဆင်လာပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ကျောက်ပထိုးရွှေလုပ်ကွက်တွေ နဲ့ Alpha ဘိလပ်မြေစက်ရုံတို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။
မန္တလေးPDF ထိန်းချုပ်ထားတဲ့ ကျန်ဒေသတွေကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်ရင်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ် ။
