စက်တင်ဘာ-၄ ၊၂၀၂၅။ဇော်ဝင်း/People’s Spring
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကုက္ကဲရွာကျေးမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ကုက္ကဲရွာရဲ့ အထက်တန်းကျောင်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ဒေသခံနဲ့ ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နာမှာ အနိုင်ကျင့်လုယက် နှိပ်စက်နေတာဖြစ်လို့ စက်တင်ဘာ ၂ ရက် နံနက် ၉နာရီခန့်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရှေ့ထွက်ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သားခုနစ်ဦးသေဆုံးပြီး MA3 ခြောက်လက်၊MA5 တစ်လက် ၊ကျည်ဘောက်၂၀၊၊၆၀မမ တစ်လက်နဲ့ ကျည်တွေသိမ်းရတယ်လို့အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် ဓားငါးချောင်း၊လက်ပစ်ဗုံးနှစ်လုံး၊လေးခွ နှစ်လက်၊ဝက်အူလှည့်တစ်ချောင်း၊ဖုန်း ခုနစ်လုံး၊လက်ပတ်နာရီနှစ်လုံး၊စစ်သုံးဆောင်အများအပြားကိုလည်း သိမ်းဆည်းရရှိတယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
“မြင်းခြံ နဲ့ တံတားဦးလမ်းပိုင်းပေါ်ရှိတာ။စကစ အင်အား ၅၀ လောက်ရှိလိမ့်မယ်”လို့ မြင်းခြံမြို့ခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခုနှစ် ဇူလိုင် ၁၇ ရက်ကလည်း ကုက္ကဲရွာ ရဲ့ နယ်မြေရဲစခန်းနဲ့ စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရဖူးပါတယ်။အဲဒီတိုက်ခိုက်မှုမှာစစ်သားသုံးဦးသေဆုံးပြီး လက်နက်နှစ်လက်ကို တော်လှန်ရေးတပ်တွေရရှိခဲ့ပါတယ်။
လက်ရှိစစ်ရေးအခြေအနေအရ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေကနေသတိရှိရှိနေထိုင်ကြဖို့ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ က တိုက်တွန်းပါတယ်။
