သြဂုတ်-၂၀၊၂၀၂၅။ခွန်ဖ၊လူအေး/People’s Spring
ကျောက်မဲမြို့နယ် ၊နောင်ပိန်ရွာအနီးမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းမှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ် ။
ကျောက်မဲမြို့နယ်သို့ သွားတဲ့လမ်ပိုင်းပေါ်မှာရှိတဲ့ နောင်ပိန်တိုက်နယ်ခေါ် နောင်ပိန်ရွာကို သြဂုတ်လ၁၉ရက်နေ့မှာ စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာပြီးနောက် TNLA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြားတိုက်ပွဲစတင်ဖြစ်ခဲ့ပါတယ်။
သြဂုတ်လ ၂၀ ရက် နံနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်က ပေါင်၅၀၀ ဗုံးနှစ်လုံးကြဲခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကနဦးသတင်းရရှိပါတယ်။

Public Service Announcement
“ရဲစခန်းနဲ့ ကျောင်းနားကို ချတာပါ။ ၉နာရီခွဲလောက်က ကြဲသွားတာ။ ထိတယ်။ အရပ်သားတွေ။ ကျတော်တို့က ရွာအပြင်ဘက် ထွက်ခဲ့လို့ အသေးစိတ်မသိနိုင်သေးဘူး”လို့ နောင်ပိန်ဒေသခံတစ်ဦးကပြောပါတယ်။
အခြားဒေသခံ တဦးကလည်း ဒီနေ့ နံနက် ၉ နာရီ ဝန်းကျင်မှာ အလယ်ဘုန်းကြီးကျောင်း နဲ့ ရဲစခန်းရှေ့ကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲခဲ့တဲ့အတွက်ဒေသခံတွေ သေဆုံး ၊ထိခိုက်မှုများတယ်လို့ပြောပါတယ် ။
ကျောက်မဲမြို့နယ်အစပ်က နောင်ပိန်ရွာကိုစစ်တပ်က ဩဂုတ် ၁၉ရက် နေ့လည်ပိုင်းကစပြီးအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်က ဦးဆောင်တဲ့ အင်အား ၇၀၀ လောက်ပါတဲ့ စစ်ကြောင်းက စတင်ထိုးစစ်ဆင်လာတာလို့ နောင်ချိုမြို့ခံတွေကလည်း ပြောပါတယ်။နောင်ချိုနဲ့ ကျောက်မဲမြို့နယ် အစပ်ကနောင်ပိန်ရွာတောင်ဘက်နားကထန်းတပင်ရွာနားမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။
“မနေ့ကနေ ချတာ။ မနေ့တညလုံးရော ဒီမနက်ရော မစ်ဇိုင်းတွေနဲ့ လှမ်းထုနေတာ။ မြို့ပေါ်ကကို တုန်တယ်”လို့ နောင်ချိုမြို့ခံတဦးက ပြောပါတယ်။
နောင်ပိန်ကျေးရွာနားကတိုက်ပွဲတွေနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။TNLA နဲ့ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အတွင်း ၂၀၂၄ သြဂုတ်လဆန်းမှာသိမ်းပိုက်ခဲ့တာပါ။
အခြားသတင်း တစ်ရပ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် TNLAနဲ့ စစ်ကောင်စီဟာ တရုတ်အစိုးရရဲ့အစီအစဥ်နဲ့ တရုတ်နိုင်ငံမှာယနေ့(ဩဂုတ်လ ၂၀ရက်) တွေ့ဆုံဆွေးနွေးနေတယ်လို့သတင်းများထွက်ပေါ်နေသည်။ ဆွေးနွေးပွဲမတိုင်ခင် TNLA
ထိန်းချုပ်ဒေသများကိုစစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတာ လက်နက်ကြီးတွေနဲ့ပစ်ခတ်သလို မြေပြင်စစ်ကြောင်းတွေထိုးပြီးတော့လည်း ဖိအားပေးနေတယ်လို့ မြောက်သတင်းရင်းမြစ်တွေကပြောပါတယ် ။ ဒါပေမယ့် ဒီသတင်းကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး။တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် MNDAA လိုပဲ TNLA ကစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေရတာမှာ နှစ်ဆန်းပိုင်းက တွေ့ဆုံတာမှာ နောင်ချို ၊ မိုးကုတ် ၊မိုးမိတ်၊ ကျောက်မဲ ၊သီပေါမြို့တွေကို စစ်တပ်က ပြန်တောင်းပြီး TNLA ကသဘောမတူခဲ့ဘူးလို့ ထုတပြန်ပါတယ်။ ထပ်ဆွေးနွေးရရင်လည်း TNLA ရဲ့ရပ်တည်ချက်ကို မပြောင်းလဲဘူးလို့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကပြောကြားထားပါတယ်။
နောင်ချိုမြို့ပေါ်မှာတော့ တည်ငြိမ်နေတယ်လို့လည်း ဆိုပါတယ်။၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော် (TNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးအပါအဝင် PDFပူးပေါင်းတပ်တွေက တစ်ရက်တည်းနဲ့ အလွယ်တကူ သိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ရက်က မြို့ကို ထိန်းချုပ်ထားပါတယ်။
စစ်တပ်ကနောင်ချိုမြို့ကို ပြန်ရပြီးနောက် မြောက်မှာရှိတဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ဆီကို စစ်ကြောင်းထိုးခဲ့ပါတယ်။ မိုးကုတ်မြို့ဆီ စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်တပ်ဟာ နောင်ချို – သုံးဆယ် – ဟိုခို – မိုးကုတ်လမ်းပိုင်းက ဟိုခိုကျေးရွာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဟိုခိုကျေးရွာဟာ ပြင်ဦးလွင် -မိုးကုတ်လမ်းပိုင်းနဲ့နောင်ချို – မိုးကုတ်လမ်းပိုင်းရဲ့ ဆုံချက်နေရာမှာရှိပြီး နှစ်ဖက်တပ်တွေ စစ်ရေးအရအရေးပါတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ဟိုခိုရွာနဲ့ မိုးကုတ်မြို့ဟာ (၅၆)မိုင် ကွာဝေးပါတယ်။
TNLA ၊မန္တလေးPDF ၊ PDF မိုးကုတ်ဗျူဟာစတဲ့ပူးပေါင်းတပ်တွေက မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း ၂၀၂၄ ဇူလိုင် ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
TNLAကလည်း မိုးကုတ်မြို့ဆီကို ဝင်ရောက်လာနိုင်တဲ့ လမ်းပိုင်းခြောက်ခုကို ဖြတ်သန်းခွင့်ယာယီပိတ်လိုက်တယ်လို့ ဇူလိုင် ၂၈ ရက်က ကြေညာထားပါတယ်။
မိုးကုတ် – ကျောက်မဲ လမ်းပိုင်း၊ မိုးကုတ် – မိုးမိတ်လမ်းပိုင်း၊ မိုးကုတ် – စဉ့်ကူးလမ်းပိုင်း၊ မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်း၊ ပြင်ဦးလွင် – အုမ္မသီး – အုမ္မခါးလမ်းပိုင်းနဲ့ တကောင်း – တွင်းငယ် – မိုးမိတ်လမ်းပိုင်းတွေကို ဒီကနေ့ ဇူလိုင် ၂၉ရက်ကစပြီး နောက်လ ဩဂုတ် ၅ရက်နေ့အထိလို့ ကြေညာထားပါတယ်။ အဲဒီလမ်းပိုင်းထဲက ပြင်ဦးလွင် – အုမ္မသီး – အုမ္မခါးလမ်းပိုင်းဟာ နောင်ချိုနဲ့ ပြင်ဦးလွင်လမ်းပိုင်းဖြစ်ပါတယ်။
စစ်တပ်ဟာ အခုတော့ နောင်ချိုမြို့ကနေ ကျောက်မဲမြို့ဆီကို အင်အားရာနဲ့ချီသုံးပြီးစစ်ကြောင်းထိုးဖို့ လုပ်တာလာ ဖြစ်ပါတယ်။












































