ဧပြီ ၂၁၊၂၀၂၅။ခွာညို/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ဗုံးများဖြင့် ကြဲတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က သတင်းထုတ်ပြန်သည်။
တောင်းခမ်းကျေးရွာအနီးကို ယနေ့ (ဧပြီ၂၁ရက်) နေ့လယ်၁နာရီခန့်တွင် အဆိပ်ဓာတ်ငွေ့ဗုံး ၃လုံး၊ ၃နာရီ ၆မိနစ်ခန့်တွင် ၄လုံးကြဲချတိုက်ခိုက်ခဲ့ပြီးအဆိပ်ငွေ့ရှုရှိုက်မိသော ရဲဘော်များမှာ မူးဝေအော့အန်ခြင်း၊သွေးပေါင်ချိန်ကျခြင်းများဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
” တိုက်ပွဲက ဆက်ဖြစ်နေတာ ဟုတ်တယ်။ လားရှိုးကို စကစပြန်ဝင်ပြီးနောက်ပိုင်း ပိုပြီးပြင်းထန်နေတယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ယာယီအပစ်ရပ်မည်ဟု ကြေညာထားသော်လည်း နိုင်ငံတကာမှ တားမြစ်ထားသော တိုက်ခိုက်မှုမျိုးကို အကြိမ်ကြိမ်ကျူးလွန်နေကြောင်း၊တောင်းခမ်းကျေးရွာတွင် စစ်ကောင်စီဘက်မှ လေယာဥ်ဗုံးများကြဲချခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် အဆိပ်ဓာတ်ငွေ့ဗုံးများအသုံးပြု၍ ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် တအာင်းတပ်မတော်(TNLA)၊ DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ ယနေ့အထိ တိုက်ပွဲဆက်ဖြစ်နေကြောင်း DPLAက ထုတ်ပြန်ထားသည်။
တောင်းခမ်း၌ တိုက်ပွဲဖြစ်ပွားနေမှုနှင့် အဆိပ်ဓာတ်ငွေ့ဗုံးများဖြင့် ကြဲတိုက်ခိုက်ခံရမှုအေပါ် DPLAထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
စစ်ကောင်စီသည် ဧပြီလ ၆ရက်ကလည်း တိုက်ပွဲပြင်းထန်နေသော တောင်းခမ်းကျေးရွာအား အဆိပ်ငွေ့ ဗုံးအသုံးပြု လေကြောင်းမှ တိုက်ခိုက်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ခဲ့သည်။
တောင်းခမ်းကျေးရွာရှိ အမှတ်(၉၀၂)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)အနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် နေ့လယ် ၂နာရီခန့်က စစ်ကောင်စီတပ်သည် အဆိပ်ငွေ့ဗုံး သုံးလုံးကြဲချတိုက်ခိုက်ခြင်းဟု ဆိုသည်။
နောင်ချိုမြို့နှင့် မိုင်(၂၀)ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်ခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တအာင်းတပ်မတော်(TNLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်း ဖြစ်သည်။
တောင်းခမ်းဒေသရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် အမတ
(၃၅၄)တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရေးလမ်းမပေါ်တွင်ရှိသည့် လားရှိုးမြို့ကို တရုတ်အစိုးရ၏ ဖိအားကြောင့် ကိုးကန့်တပ်မတော်(MNDAA)က စစ်ကောင်စီထံပြန်လွှဲပေးထားရပြီးနောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီက တိုက်ခိုက်မှုများပိုမိုပြုလုပ်နေသည်။
