close
Connect with us

Hi, what are you looking for?

သတင်း

အထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်နေဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ရဲဘော်အားလုံး အဆင့်ဆင့်သောကွပ်ကဲမှုနှင့် အထက်အမိန့်နာခံရန်၊ လိမ္မာပါးနပ်စွာ တိုက်ပွဲဝင်ကြရန် မှာကြား

ဝန်ကြီးဦးရည်မွန်သည် ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ၂၀၂၄ အောက်တိုဘာ ၁၀ရက်က သွားရောက် တွေ့ဆုံ အားပေးနေစဉ်။ ဓာတ်ပုံ − MOD

ဧပြီ ၁၇၊၂၀၂၅။ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့များသည် စစ်အာဏာရှင်စနစ်အဆုံးသတ်စေမည့် အထွေထွေထိုးစစ်ကြီး တရပ်ဆင်နွှဲရန် ပြင်ဆင်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

PDFတောင်ပိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာ၀တီ တိုင်းစစ်ဌာန၊ ဗျူဟာ ၂၉( AYA PDF) အပတ်စဉ် (၅) အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၂၅ရက်တွင် ကျင်းပခဲ့ရာ ယင်းအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ပြောကြားခဲ့သည့်မိန့်ခွန်းရုပ်သံကို ဗျူဟာ (၂၉)က ယနေ့(ဧပြီ ၁၇ရက်)တွင် ထုတ်ပြန်ခဲ့ရာ အထွေထွေထိုးစစ် အတွက်ပြင်ဆင်နေမှုကို ဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

” စစ်မဟာဗျူဟာအရ ငါတို့ဟာ အဆင့် သုံးဆင့် ကို ဖြတ်သန်းကြရတယ်။ ပထမအဆင့်အနေနဲ့ တနိုင်ငံလုံး ကွက်ပြည့် စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးပမ်းခဲ့ကြရတယ်။ အခုဆို ဒေသတိုင်းမှာ တပ်တည်ဆောက်မှု၊ တပ်ဖြန့်နေရာယူမှုဟာ အတိုင်းအတာ တခုအထိ ပြီးမြောက်ခဲ့ပြီလို့ ပြောနိုင်တယ်။ ဧရာ၀တီ တိုင်းသားတွေရဲ့ အိမ်ပြန်ခရီးကတော့ ငါတို့ရဲ့ ကွက်ပြည့် မဟာဗျူဟာကို ပြည့်စုံစေခဲ့တယ်။ ဒုတိယ အဆင့်အနေနဲ့ မဟာဗျူဟာ ထိုးစစ်ဆင်ပြီး မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲကြရတာပဲ။ အခု ရဲဘော်တို့ဟာ ဒီအဆင့်ကို ဖြတ်သန်းနေကြတာ ဖြစ်တယ်။ တတိယ အဆင့်အနေနဲ့ တနိုင်ငံလုံး အထွေထွေ ထိုးစစ်ကြီးတရပ် ဆင်နွှဲကြရဖို့ပဲ ဖြစ်လိမ့်မယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာ ဒီအထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာ အသိပေးလိုတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အထွေထွေထိုးစစ်ကြီးတွင် မြစ်၀ကျွန်းပေါ် ဒေသသည် အရေးကြီးသည့် စစ်မျက်နှာတစ်ခုအဖြစ် ပါဝင်ရမည်ဟုလည်း ဝန်ကြီးက ပြောသည်။

“တို့အားလုံး ကိုယ့်တာကိုယ် လုံအောင် ထမ်းကြလိမ့်မယ်လို့ ယုံကြည်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

အထူးမှာကြားလိုသည်မှာ အဆင့်ဆင့်သော ကွပ်ကဲမှုနှင့် အထက်အမိန့်ကို နာခံကြရန် နှင့် ရဲဘော်များအနေဖြင့် မဟာဗျူဟာမြောက်ပြီး နည်းပရိယာယ်ကြွယ်၀သည့် လိမ္မာပါးနပ်သည့် တိုက်ပွဲများ ဖော်ဆောင်ကြရန်လည်း ဝန်ကြီးက မှာကြားသည်။

PDF ရဲဘော်များ ဖြတ်သန်းရသည့် ခရီးသည် များစွာခက်ခဲကြမ်းတမ်းခဲ့သော်လည်း ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ကြသည့် ရဲဘော်များအတွက် ဂုဏ်ယူကြောင်း ၊ တော်လှန်ရေး ခရီး လေးနှစ် တိုင်ခဲ့ပြီး အောင်ပွဲ အလီလီ ဆွတ်ခူးနိုင်ခဲ့ကြောင်း၊ နှစ်(၇၀)ကျော် တည်ဆောက်ထားသည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကြီးကို လေးနှစ်သား PDFက ဦးကျိုးအောင် ချိုးပစ်နိုင်ခဲ့သည်မှာ ရဲဘော်များ၏ လက်ရုံးရည် နှလုံးရည် ထူးချွန်ထက်မြတ်မှုကို ဖော်ပြနေကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

“မြစ်၀ကျွန်းပေါ်သား ရဲဘော်တွေဟာ အမိန့်နာခံမှုလည်း ကောင်းတယ်။ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း လေးစားလိုက်နာကြတယ်။ တိုက်စွမ်းရည်လည်းရှိတယ်ဆိုတာ မဟာမိတ်တပ်မှူးတွေကလည်း ချီးကျူးကြတယ်။ မြစ်၀ကျွန်းပေါ်သားတွေ တိုက်ပွဲဝင်နိုင်အောင် အဖက်ဖက်က ကူညီပေးခဲ့တဲ့ မဟာမိတ်ခေါင်းဆောင်များနဲ့ ရဲဘော်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောလိုတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ထို့အပြင် ဧရာ၀တီတိုင်းစစ်ဌာန ရဲဘော်များ မွေးရပ်မြေ မြစ်၀ကျွန်းပေါ်ဒေသ၌ အခြေပြုနိုင်မှုသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် တခုလုံးအတွက် အထူးဂုဏ်ယူစရာဖြစ်ဟုလည်း ပြောကြားခဲ့သည်။

“ရဲဘော်တို့ အနေနဲ့ မွေးရပ်မြေက ပြည်သူတွေ အပါအဝင် မြန်မာ တပြည်လုံးက ပြည်သူတွေအားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်အောင် စွမ်းစွမ်းတမံ စွမ်းဆောင်ကြလိမ့်မယ်လို့ ယုံကြည်တယ်။ ရဲဘော်တို့ရဲ့ အောင်ပွဲဟာ မြန်မာပြည်သူအားလုံးရဲ့ အောင်ပွဲလည်းဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဝန်ကြီးဦးရည်မွန်သည် ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် တပ်မှူးသင်တန်းဆင်းပွဲ တခုတွင်လည်း အထွေထွေထိုးစစ်ကြီး တရပ်ဖော်ဆောင်ရမည်ဟု အသိပေးခဲ့ပြီး ယခုထပ်မံ၍ ထိုးစစ်အတွက် ပြင်ဆင်နေမှုကို သတင်းစကား ပြောကြားလာခြင်းလည်းဖြစ်သည်။

အထွေထွေထိုးစစ်ကြီးဆင်နွှဲရန် PDFတပ်ရင်း၊တပ်ဖွဲ့များလည်း တပ်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေရှိ PDFတပ်ရင်းတစ်ခုမှ တပ်ရင်းမှူးတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးနှင့် တမူးခရိုင်များပါဝင်သည့် ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့(မတ်လ ၂၂ရက်) ပြောကြားသည်။

သတင်း

တနိုင်ငံလုံးအတိုင်းအတာဆင်နွှဲမည့် အထွေထွေ ထိုးစစ်ကြီးတရပ်ဆင်နွှဲကြရမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် တွေ့ဆုံခဲ့မှုမှာ စစ်ရေးပိုမိုထိရောက် စွာဖြင့် နီးနီးကပ်ကပ်လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တာဝန်ရှိသူ ကိုမိုးနေလက ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် တွေ့ဆုံပြီး စစ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။