close
Connect with us

Hi, what are you looking for?

သတင်း

ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေးဆောင်ရွက်နေဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

စစ်ကိုင်းတိုင်း ကလေးနှင့် တမူးခရိုင်များပါဝင်သည့် ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့(မတ်လ ၂၂ရက်) ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ PDF စစ်ရုံးချုပ် တာဝန်ရှိသူများ၊ မန္တလေး PDF တာဝန်ခံ ကိုမုန်တိုင်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Tay Zar San

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ကလေးနှင့် တမူးခရိုင်များပါဝင်သည့် ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့(မတ်လ ၂၂ရက်) ပြောကြားသည်။

ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ (မတ်လ ၂၂ရက်) ညပိုင်းတွင် ကျင်းပခဲ့ရာ ဝန်ကြီး ဦးရည်မွန်တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကဘော်ညီနောင် Project ကို မတ်လ ၂၂ရက်က စတင်ကာ ဧပြီ ၂၀ရက်အထိ သတ်မှတ်ထားပြီး ရန်ပုံငွေကျပ်သိန်း တစ်သောင်း ရရှိရေး ရှာဖွေရန် ရည်ရွယ်ထားကြောင်း အသိပေးထားသည်။

ယခု ရန်ပုံငွေရှာဖွေမှုသည် အဖွဲ့ ၁၄ဖွဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်သူများတက်နိုင်သရွေ့ ပါဝင်ကြရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ချင်းတွင်းမြစ်နှင့် အိန္ဒိယနယ်စပ်အကြား ချိုင့်ဝှမ်းလွင်ပြင်ဒေသ ဖြစ်သော ကဘော်ဒေသသည် အမှတ်(၁) စစ်ဒေသ၏ အရေးကြီးသည့်ဒေသဖြစ်ပြီး ယင်းဒေသ၌ ကလေးနှင့် တမူးမြို့များ ပါဝင်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ သမိုင်းတလျှောက် အရေးပါခဲ့သည့် ယင်းကဘော်ဒေသကို လွတ်မြောက်နယ်မြေ ဖြစ်ရေး ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း ၎င်းက ဆိုသည်။

ကဘော်ချိုင့်ဝှမ်းသည် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းတွင် တည်ရှိသည့် ကုန်းမြင့်ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၏ နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသည်။

” ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသအနေနဲ့လည်း ဒီဒေသ ဒီနယ်မြေ လွတ်မြောက်ရေးကို အထူးဦးစားပေးအနေနဲ့ စဉ်းစားဆောင်ရွက်နေတာလည်းရှိတယ်လို့ ပြောရပါမယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တော်လှန်ရေးအစပိုင်းကတည်းက ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သော ကချင် KIA၊ ချင်း CNF/CNA၊ ကရင်နီ KNPP/KA၊ ABSDF တို့ ပါဝင်သော ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၏ သဘောတူဆုံးဖြတ်ချက်အရ အမှတ်(၁) စစ်ဒေသကို ၂၀၂၂ နှစ်လယ်ပိုင်း၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟု ရှင်းပြသည်။

ကလေးခရိုင်နှင့် တမူးခရိုင် နှစ်ခုလုံးတွင် နယ်မြေစိုးမိုးထိန်းချုပ်မှုကို PDF တပ်မတော်က အဓိက ရယူထားကြောင်း၊ စစ်ကောင်စီ လုံး၀ ကင်းစစ်ခြင်းမရှိသေးသော်လည်း တနယ်လုံးကို PDFများ ထိန်းချုပ်ထားကြောင်း ရှင်းပြသည်။ကလေးနှင့်တမူးမြို့တို့တွင်သာ စစ်ကောင်စီ အကျွင်းအကျန်များ ရှိနေသည်ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

စစ်ကောင်စီအနေဖြင့် တမြို့နှင့်တမြို့ ကူးသန်းသွားလာနိုင်ခြင်းမရှိတော့ဘဲ လေကြောင်းကသာ ထောက်ပို့သာ ဆောင်ရွက်နေရသည့် အနေအထားဟု ရှင်းပြသည်။

” နယ်မြေစိုးမိုးထိန်းချုပ်မှုလို့လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်လောက်က ကျနော်တို့ ပြောကြမယ်ဆိုရင် ဟုတ်မှ ဟုတ်ပါ့မလားလို့ မေးခွန်းတွေရှိခဲ့ပါတယ်။ ဒီကနေ့တော့ နယ်မြေစိုးမိုးထိန်းချုပ်မှုဆိုတာ အင်မတန်သေချာတဲ့ ကိစ္စ ဖြစ်နေပြီ။ စစ်ရေးအရ အပြီးသတ် ရှင်းလင်းမှု မလုပ်နိုင်သေးသည့်တိုင်အောင် အုပ်ချုပ်ရေးအရတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို အပြီးသတ် ဖျက်သိမ်းပြီးဖြစ်တဲ့ဒေသ၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေတဲ့ ဒေသ ဒီလိုလည်း ကဘော်ဒေသနဲ့ပတ်သက်ရင် ပြောလို့ရပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဆက်လုပ်ရမည်မှာ စစ်ကောင်စီ လုံး၀ကင်းစင်သည့် ဒေသတစ်ခုဖြစ်အောင်လုပ်ဆောင်ရန်သာ ရှိတော့သည်ဟု ဆိုသည်။

” အဲဒီ ကိစ္စအတွက်လည်း ကဘော်ဒေသက ရဲဘော်တွေအထူးဝါယမ စိုက်ပြီးတော့ ကြိုးစားဆောင်ရွက်နေတယ်လို့ အသိပေးလိုပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

လက်ရှိတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ယခု ၂၀၂၅အတွင်း သိသာထင်ရှားလာတဲ့အချက်မှာ ယခင် စစ်ရေးလှုပ်ရှားနိုင်စွမ်းအားနည်းနေခဲ့သည့် ဒေသများ၌ပင် စစ်ရေးလှုပ်ရှားနိုင်လာပြီဖြစ်ကြောင် ၎င်းက ဆိုသည်။

ယင်းသည်ပင်လျင် ကာကွယ်ရေးဝန်ကြီးဌာန၏ ပထမအဆင့် မျှော်မှန်းစီစဉ်ဆောင်ရွက်ချက် ဖြစ်ကြောင်း ပြော၍ ရသည်ဟု ဝန်ကြီးက ပြောသည်။ ပထမအဆင့်တွင် တနိုင်ငံလုံး စစ်ရေးလှုပ်ရှားနိုင်စွမ်းရှိရေးမှာ ယင်းအဆင့်သည် ကွက်ပြည့်ပြီဖြစ်ကာ တနိုင်ငံလုံး အတိုင်းအတာနှင့်လှုပ်ရှားနိုင်စွမ်းရှိပြီဟု ပြောနိုင်စွမ်းရောက်ခဲ့ပြီဟု ပြောပြသည်။

” နောက်တဆင့်အနေနဲ့ ကျနော်တို့ ကြိုးပမ်းနေတာကတော့ ဒေသအလိုက် စစ်ကောင်စီ ကင်းစင် ကင်းရှင်းပြီးတော့ လွတ်မြောက်တဲ့နယ်မြေတွေ လွတ်မြောက်တဲ့မြို့ရွာတွေ ဖြစ်ဖို့အတွက် လက်ရှိ ကြိုးပမ်းနေတယ်။ ကလေးကဘော်ဒေသက ရဲဘော်တွေဆိုရင် ဒီရည်မှန်းချက်အတိုင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျနော့်အနေနဲ့ အသိပေးလိုပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

PDFတပ်မတော်၏ တော်လှန်ရေး လေးနှစ်အတွင်း မည်သည့် ရလဒ်များ ဖော်ထုတ်နိုင်ပြီဆိုသည်ကို ပြန်ကြည့်ရန် စဉ်းစားသုံးသပ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ တော်လှန်ရေး ဘယ်ရောက်နေပြီလဲပြန်ကြည့်တဲ့အခါ ဒီကနေ့အထိဆိုရင် အရေးကြီးတဲ့ ရလဒ် သုံးခု လက်ဝယ်ရရှိခဲ့ပြီလို့ ဒီလိုသုံးသပ်ပါတယ်။ ပထမ ရလဒ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တခုကို ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ခိုင်ခိုင်မာမာ ထူထောင်ရပ်တည်နိုင်လာတဲ့အချက်ပါ။ အရင်လို ကျနော်တို့ ပြည်သူတွေဟာ ခြေမဲ့ လက်မဲ့မဟုတ်တော့ဘူး”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဒုတိယ ရလဒ်မှာ တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးထိန်းချုပ်နယ်မြေနှင့် လွတ်မြောက်နယ်မြေများ တနိုင်ငံလုံးအတိုင်းအတာဖြင့် အနှံ့အပြား ပေါ်ပေါက်လာသည့် အချက်ဖြစ်သည်ဟု ပြောသည်။

“ဒါဆိုရင် တတိယ ရလဒ်က ဘာဖြစ်မလဲ။ တတိယရလဒ်က တော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နိုင်လာတဲ့ကိစ္စ။ ဒီအချက်ကလည်း အင်မတန်အရေးကြီးပါတယ်” ဟု ဝန်ကြီး ကပြောသည်။

စစ်ရေးနှင့် အုပ်ချုပ်ရေးသည် ဒွန်တွဲနေရမည့်ကိစ္စဖြစ်သည်ဟုလည်း ၎င်းက ပြောကြားပြီး စစ်ရေးအရ ထိန်းချုပ်နိုင်ပါက ယင်းနယ်မြေများ၌ အာဏာလေဟာနယ်၊ အုပ်ချုပ်ရေး လေဟာနယ် မဖြစ်ရန် အရေးကြီးကြောင်း ရှင်းပြသည်။

PDF ကလေးခရိုင် အမှတ်(၄) တပ်ရင်း တပ်မှူးတစ်ဦးဖြစ်သည့် ကိုမုန်ပီးက ဒေသရဲဘော်များ ကိုယ်စား စကားပြောကြားခဲ့ရာ PDFနှင့် ပကဖ၊ ပလဖ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသား တော်လှန်ရေးတပ်များ အတူတကွ တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်တော်လှန်ရေးသည် အရှိန်အဟုန်တဖြည်းဖြည်း မြင့်သထက်မြင့်လာသည်ဟု ပြောသည်။

ယခင်က လက်နက်ဆယ်ဂဏန်းဖြင့် ပြောက်ကျား တိုက်ပွဲများ ဝင်ခဲ့ကြရသော်လည်း ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း လူအင်အား ရာဂဏန်းအချို့ အသုံးပြုပြီး ရန်သူ့စခန်းအချို့ကို သိမ်းနိုင်ခဲ့ဟု ကိုမုန်ပီးက ပြောသည်။

“ဒါ ပြည်နယ်ဒေသတွေမှာ ဖြစ်ရိုးဖြစ်စဉ်တခုသာဖြစ်ပေမယ့် ၂၀၂၁မှ စပြီး ပြန်တော်လှန်ရတဲ့ ပြည်မဒေသ မြေပြန့်ဒေသ လွင်ပြင်ဒေသတွေအတွက်ဆိုရင်တော့ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုပဲဖြစ်တယ်။ ပြီးခဲ့တဲ့ တနှစ်တာကာလလောက်က စပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း အမှတ်(၁) စစ်ဒေသနဲ့ ရှမ်းမြောက်ကို အခြေပြုတဲ့ မန္တလေးတိုင်းအတွင်းမှာဆိုရင် လူအင်အား ထောင်နဲ့ချီ လက်နက်အင်အား ထောင်နဲ့ချီ ပါဝင်တဲ့ မြို့သိမ်းတိုက်ပွဲကြီးတွေကို စစ်နယ်ဝန်းတွေကို သိမ်းပိုက်နိုင်တဲ့ တိုက်ပွဲကြီးတွေကို ကျနော်တို့ စတင်ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါတွေက ကျနော်တို့ တော်လှန်ရေးရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုဖြစ်တယ်”ဟု ကိုမုန်ပီးက ပြောသည်။

၂၀၂၅တွင်လည်း မြေပြန်လွင်ပြင်ဒေသ၌လည်း ရန်သူကို ပြောက်ကျားတိုက်ခိုက်နိုင်ရုံသာမက စစ်ကြောင်းလိုက် ဖြုတ်နိုင်သည့် ဖြစ်စဉ်များ မကြာခဏ မြင်တွေ့ရသည်မှာ အားလုံးအသိပင်ဖြစ်ပြီး မြန်မာပြည်တောင်ဘက်ခြမ်း၌လည်း စစ်တောင်းမြစ်ကို ကျော်လွန်ပြီး ရန်သူ့ စခန်း ၅ခု ၆ခုကို တပြိုင်တည်း စီးနင်း တိုက်ခိုက်နိုင်သည့် အနေအထား မြင်တွေ့ရပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ တချိန်တည်း၌ ရခိုင်ရိုးမကိုကျော်ပြီး မကွေးတိုင်းထဲ၌ ထင်မှတ်မထားသည့် တိုက်ခိုက်မှုများ ဖော်ဆောင်နိုင်ပြီဖြစ်ကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကိုအရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook