ဧပြီ ၁၀၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၂၄၀ ကျော်ရှိကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့(ဧပြီ ၁၀ရက်)တွင် ထုတ်ပြန်သည်။
အင်အားပြင်းငလျင်လှုပ်ခတ်သည့် မတ်လ ၂၈ရက်ကစ၍ ငလျင်ဘေးကြောင့် ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ အမျိုးသား ၁၄၅ ဦး ၊အမျိုးသမီး ၉၇ဦး စုစုပေါင်း ၂၄၂ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၇ ဦးရှိကြောင်း အသိပေးသည်။
“ရှာဖွေကယ်ဆယ်စရာမရှိတော့ပါဘူး။ ပြီးပါပြီဗျ။ လောလောဆယ် ရေလှူတာနဲ့ ပြန်လည်ထူထောင်ရေးလုပ်နေပါပြီ”ဟု ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement
ငလျင်ကြောင့် ပျော်ဘွယ်မြို့ရှိ လူစုလူဝေးများသည့် ဘဏ်နှင့် ဘာသာရေးအဆောက်အအုံတို့ပြိုကျခြင်းတို့ကြောင့် လူသေဆုံးမှုများခဲ့ခြင်းဟု ဆိုသည်။
စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတိုင်းအတွင်း ရမည်းသင်း၊ကျောက်ဆည်၊စဥ့်ကူ၊တံတားဦး၊၊မိတ္ထီလာ၊သာစည်နှင့် ဝမ်းတွင်း မြို့နယ်တို့တွင်လည်း သေဆုံးသူ စုစုပေါင်း ထောင်နှင့်ချီရှိသည်။
ယမန်နေ့(ဧပြီ ၉ ရက်)အထိ ငလျင်ကြောင့် သေဆုံးသူ ၃,၆၄၉ဦး၊ ဒဏ်ရာရရှိသူ ၅,၀၁၈ဦးနှင့် ပျောက် ဆုံးသူ ၁၄၅ဦးရှိကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်သည်။
သို့သော် ၎င်းတို့ ထိန်းချုပ်နယ်မြေဖြစ်သော နေပြည်တော်ပင် ရှာဖွေကယ်ဆယ်မှုအလုံးစုံမလုပ်နိုင်သေးသည့်အပြင် ပိတ်မိ၍ သေဆုံးသူများ၏ ရုပ်အလောင်းများကြောင့် အပုပ်နံ့များထွက်နေသည်ဟု နေပြည်တော်ရှိ ဝန်ထမ်းအချို့က လူထုနွေဦးသို့ ပြောထားသည်။
