ဧပြီ ၁၀၊၂၀၂၅။ ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် လုပ်ငန်းရှင်များထံမှ ဆက်ကြေးကောက်ပြန်လာသော စစ်ကောင်စီ၏ ရဲအုပ်နှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး လက်နက်ခြောက်လက်ရခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီ၉ ရက်ညနေ ၄နာရီ ၁၈မိနစ်ခန့်က ကော့သောင်းနယ်၊ အေးချမ်းသာကျေးရွာလုပ်ငန်းရှင်များထံမှ လစဥ်ကြေးကောက်၍ ပြန်လာသော စစ်ကောင်စီ၏ ရဲတပ်ဖွဲ့မှ ရဲအုပ်အပါအဝင် ရဲလေးဦးလိုက်ပါလာသည့် ပရာဒိုအမျိုးအစားအိမ်စီးကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ကားပေါ်ပါလာသည့် မာရန်းနယ်မြေရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုးအပါအဝင် ရဲအရာရှိနှစ်ဦးနှင့် ရဲတပ်သားတစ်ဦး ပေါင်းသုံးဦးသေဆုံး၍ ရဲတပ်ကြပ်ကြီးတစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ကော့သောင်းမြို့နယ် ပကဖမှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“(လစဥ်ကြေး)ပုံမှန်ကောက်နေကြတာပါ လစဥ်တိုင်း။ ချောင်းနေတာကတော့ ကြာပါပြီ။ မနေ့ကမှ ကွက်တိကျသွားတာပါ”ဟု ၎င်းက ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် ရဲများစီးနင်းလိုက်ပါလာသည့်ပါရာဒိုကားမှာ လမ်းဘေးရေမြောင်းအတွင်းထိုးကျသွားပြီး ၎င်းတို့ထံမှ ၄၀ မမဗုံးပစ် လောင်ချာတစ်လက်နှင့် ဗုံးသီး ၁၆လုံး၊AK အမျိုးအစားသေနတ် နှစ်လက်၊ ကျည်ဘောက်ငါးခုနှင့် ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံးသုံးလုံး၊ 9MM တစ်လက်၊ ပွိုင့် 380 တစ်လက်၊ ခြောက်လုံးပြူးတစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းပကဖက အသိပေးသည်။
ထို့အပြင် ရဲများထံမှ iPhoneတစ်လုံး၊ အခြားအမျိုးအစား ဖုန်းသုံးလုံးနှင့် ထိုင်းဘတ် ၂၅,၀၀၀ တို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး ကားမှာ မြောင်းအတွင်းထိုးကျနေ၍ ယူဆောင်နိုင်ခြင်းမရှိဘဲ ထားရစ်ခဲ့ရကြောင်း ပကဖတာဝန်ရှိသူက ရှင်းပြသည်။
စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးအား တိုက်ခိုက်ခဲ့သည့်နေရာသည် ရှမ်းကိုးရွာဒေသခေါ် ထိုး-မြန်မာနယ်စပ်အေးချမ်းသာ ဆိတ်ဖူးနယ်စပ် တစ်နေရာဖြစ်သည်။
