ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ယနေ့(မတ်လ ၁ရက်) ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း လက်နက်ကြီး ၊ လေကြောင်းနှင့် ဒရုန်းဖြင့် အကြိမ်ရေ ၈၀ထက်မနည်း ပစ်ခတ်မှုကို စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ PNA ပြည်သူ့စစ်တို့က အင်းလေးဒေသနှင့် နန်းတုတ်ကျေးရွာတို့ကို ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။
အဆိုပါ ပစ်ခတ်မှုများကြောင့်အရပ်သား ငါးဦးသေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ထိခိုက်ပျက်စီးမှုနှင့် မီးလောင်ဗုံးကြောင့် နေအိမ်များမီးလောင်ကျွမ်းမှုများရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
သေဆုံးသည့် အရပ်သားများတွင် (၁၀)နှစ်အရွယ်ကလေးငယ်ပါဝင်ပြီး ထိခိုက်ပျက်စီးသည့် အဆောက်အအုံများတွင် စာသင်ကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၂၄လုံး တို့ပါဝင်ကြောင်း ဖော်ပြထားသည်။
“အခု အင်းလေးဘက်က ရေပူ(ထီးခို)နဲ့တောင်ပို့ကွဲဘက်ကို စကစစစ်ကြောင်းမထိုးခင်မှာ ဒေသခံတွေကို နှင်ထုတ်တယ်။ဒါပေမယ့် ဒေသခံတွေက ရသလောက် တောင့်ခံပြီး မထွက်ဘူး။အဲဒါလိုဖြစ်လို့ တမင် သတ်သတ်ကို အရပ်သားရှိလျက်နဲ့ ရွာတွေထဲ ကို လက်နက်ကြီးရော လေကြောင်းနဲ့ပါ စစ်အုပ်စုက တိုက်တာ။အခုတော့ ဒေသခံတော်တော်များများ စစ်ရှောင်နေရပါပြီ”ဟု ရှမ်းတောင် အခြေစိုက် စစ်ရှောင်ကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ဖေဖော်ဝါရီအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုများအနက် လက်နက်ကြီး အသုံးပြုမှု ၆၁ ကြိမ်၊ဒရုန်းဖြင့်အကြိမ် ၂၀ ၊လေကြောင်း မှ ဗုံးကြဲမှု ငါးကြိမ်နှင့် မီးလောင်ဗုံးအသုံးပြုမှု တစ်ကြိမ်ရှိကြောင်းလည်း အသိပေးသည်။
ဇန်နဝါရီအတွင်းကလည်း ညောင်ရွှေနှင့် ပင် လောင်းမြို့နယ်တို့တွင် လက်နက်ကြီးထိမှန်၍ ဒေသခံ ၃ ဦး သေဆုံးကာ ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်နှင့် PNAသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဘုရားတောင်၊ရေပူ၊ညောင်လေးပင် နှင့် နန်းတုတ် ဒေသတစ်လျှောက်ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
