ဟန်နွေ/People’s Spring
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)၏ အပတ်စဉ်(၁)အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြီးစီးခဲ့ကြောင်း CDF-ကန်ပက်လက်က ယနေ့(မတ်လ ၁ရက်)ညပိုင်း၌ အသိပေးသည်။
လေးလကျော်ကြာမြင့်သော CDF ကန်ပက်လက် အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၁) သင်တန်းဆင်း ရဲဘော်၊ရဲမေများ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် လက်နက်တပ်ဆင်ရေးအခမ်းအနားကို ဖေဖော်ဝါရီ ၂၈ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဖော်ပြသည်။
အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီး မြောက်နိုင်ရေးနှင့် လက်နက်တပ်ဆင်ရေးအစီစဉ်များပြုလုပ်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)နှင့် ပြည်တွင်း၊ပြည်ပ ရောက်ရှိနေကြသော Chin Defence Force – Kanpetlet ၏ ထောက်ပို့ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း အသိပေးသည်။

Public Service Announcement
CDF ကန်ပက်လက်အနေဖြင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ချင်းညီနောင်နှင့်မဟာမိတ်များက ကန်ပက်လက်မြို့ ၊ ကျင်ဒွေးမြို့များကို ၂၀၂၄တွင် အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်သည်။ ထိုသို့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲထားပြီး ၂၀၂၁ ဧပြီကတည်းက စတင်ဖွဲ့စည်းထားသည့် CDF ကန်ပက်လက်အနေဖြင့် လေးနှစ်အတွင်း ပထမဆုံးအကြိမ် စစ်သင်တန်းပြုလုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်အပါအဝင် ချင်းပြည်တောင်ပိုင်းတစ်ခုလုံး လွတ်မြောက်နိုင်ခဲ့ပြီဖြစ်၍ စစ်ဘေးရှောင်ပြည်သူများ ကိုယ့်မြို့၊ကိုယ့်အိမ်ပြန်လည်အခြေချသည့်အချိန်တွင် ပြည်သူလူထုကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးသည့် ပြည်သူ့အချစ်တော် တပ် နှင့် စစ်သည်တော်ကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယခုစစ်သင်တန်းကို ကျင်းပခြင်းဖြစ်ဟု အသိပေးသည်။
ထို့ပြင် စစ်စည်းကမ်းပြည့်ဝသည့် ပြည်သူ့စစ်သားကောင်းများပေါ်ပေါက်လာစေရန်နှင့် အိမ်နီးချင်း မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး စစ်မှန်သောလွတ်မြောက်ခြင်းရရှိသည်အထိ ထိရောက်စွာ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်ရန် ရည်ရွယ်ထားရှိပြီး ယင်းရည်မှန်းချက် ဖော်ဆောင်ရန် စစ်ပညာသင်တန်း ပေးအပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
“အရင်ကလည်း ၂၀၂၁ လက်နက်စတင်ကိုင်ဆောင်လာရတဲ့အချိန်ကတည်းက CNA မှာပဲဖြစ်ဖြစ် အာရက္ခတပ်တော် AA ဆီမှာဖြစ်ဖြစ် စစ်သင်တန်းတက်ရောက်ခဲ့တဲ့ရဲဘော်တွေနဲ့ လက်နက်ကိုင် ရဲ၊တပ် CDM တွေပူးပေါင်းပြီး တဆင့်သင်တန်းပြန်ပေးကြပြီးမှ တိုက်ပွဲဝင်ခဲ့ကြတာပါ”ဟု CDF ကန်ပက်လက် တာဝန်ရှိသူက အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပနိုင်မှု အပေါ် ရှင်းပြသည်။
သို့သော် လေးနှစ်တာအတွင်း ကျဆုံးဒ၊ဏ်ရာရ ရဲဘော်များ ရှိခဲ့ကြောင်း၊ ထိန်းချုပ်နယ်မြေများ အတော်အသင့် ရလာပြီဖြစ်၍ ပြည်သူအားကိုးလေးစားထိုက်သည့် စစ်သည်တော်ကောင်းများ ဖြစ်လာစေရေး စစ်စည်းကမ်းပြည့်၀စွာ စစ်သည်တော်ကျင့်ဝတ် နှင့် လျော်ညီတဲ့သည့် ရဲဘော်များ ဖြစ်စေရေး၊ တပ်ကို တပ်နှင့်တူအောင် ပြန်လည်တည်ဆောက်ရန် လိုအပ်လာ၍ ယခု အပတ်စဉ် (၁) စစ်သင်တန်းကို ကျင်းပရခြင်းဖြစ်သည်ဟု CDF တာဝန်ရှိသူက ရှင်းပြသည်။
မြို့ကို သိမ်းပိုက်ထားပြီးဖြစ်၍ ရှေ့ဆက်၍ စစ်ရေး ဖော်ဆောင်မည့် အခြေအနေကို မေးမြန်းရာ ချင်းညီနောင်အနေဖြင့် အာရက္ခတပ်တော်(AA)၊Yaw Defence Force, Generation Z Army တို့နှင့် ပူးပေါင်းပြီး စစ်ရေးအရ လိုအပ်သည့် နေရာများ၌ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF ကန်ပက်လက် တာဝန်ရှိသူက ပြောသည်။
CDF ကန်ပက်လက်အနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီ၏ အာဏာသိမ်းပိုက်ချိန်မှစ၍ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲလာခဲ့ပြီး ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်ကိုလည်း အပြည့်အဝပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့အတူ ချင်းပြည်အတွင်းရှိအခြားသောမြို့သိမ်းတိုက်ပွဲများ၌လည်း စစ်ဆင်ရေးနှင့် စစ်ရေးလိုအပ်ချက်အပေါ်မူတည်ပြီးအစွမ်းကုန်ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်သည်။
