အိမ်သွင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့ စစ် (PNO/PNA)ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။
ညောင်ရွှေမြို့နယ် ၊တောင်ပို့ကွဲကျေးရွာကို ယမန်နေ့(ဖေဖော်ဝါရီ ၁၂ရက်) ညနေ ၅နာရီခန့်တွင် ဖယ်ခုံမြို့ဘက်မှ လက်နက်ကြီး ၆လုံး ပစ်ခတ်ခဲ့ခြင်းဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် (၁၀)နှစ်အရွယ် မောင်စိုင်းလျန်ဆိုင်နှင့် (၄၀)ကျော်ရှိ ဦးစိုဝ်လုံသေဆုံးကာ (၄၀)အရွယ် ဒေါ်နန်းဖန် နှင့် (၄၅)နှစ်အရွယ် ဦးကျားတို့နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
” လက်နက်ကြီးက တောက်လျှောက်ပစ်တာရှင့်။ စစ်ရေးပစ်မှတ်လား အရပ်သားပစ်မှတ်လား မခွဲဘဲ ရမ်းပစ်နေတာရှင့်။အိမ်တွေပေါ် ကျပြီး သေဆုံးတာတွေ ဖြစ်ရတာ”ဟု ညောင်ရွှေမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်နှင့် PNO/PNAပူးပေါင်းတပ်သည် ပင်လောင်းမြို့နယ် ၊ နန်းတုတ်ရွာကိုလည်း ယမန်နေ့ ညနေက မီးလောင်ဗုံး အပါအဝင် လက်နက်ကြီး ရှစ်လုံးပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၂လုံး ပျက်စီးခဲ့သည်ဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယမန်နေ့ကလည်း ညောင်ရွှေမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)မှ တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။
ညောင်ရွှေမြို့နယ်၊ ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာနှင့် ထမင်းချိုဓာတ်ဘုရားစခန်းကုန်းတွင် အင်အား ၁၅၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNA)က ပူးပေါင်း၍ ရေပူကျေးရွာအရှေ့ဘက် ရေချောင်းအထိ ဇန်နဝါရီ ၃၀ရက်တွင် စစ်ကြောင်းထိုးလာခဲ့သည်ဟု အင်းလေး PDFက ဖေဖော်ဝါရီ ၁၂ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ စစ်ကြောင်းအား အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် PK PDF-2 ၊(Bee Coloum)ပျားစစ်ကြောင်းနှင့် SSRYတပ်ဖွဲ့ များပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။
PNO/PNAသည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်းတပ်ဖြစ်ပြီး ညောင်ရွှေမြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း၌ အထူးဒေသ (၆)အဖြစ် အုပ်ချုပ်နေသည်။
၎င်းတို့ လှုပ်ရှားနယ်မြေများတွင် ပျူစောထီးများအားစစ်သင်တန်းပေးခြင်း၊ စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်။
