ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ဂိတ် စခန်းအချို့ကို တအာင်းတပ်မတော်(TNLA) ရဲဘော်များက အင်အားသုံး စီးနင်းပြီး သိမ်းဆည်းသွားသည့် လက်နက်များကို ပြန်လည်ပေးအပ်ခဲ့ပြီး ပြဿနာကိုလည်းညှိနှိုင်း ဖြေရှင်းနေကြောင်း KIAသတင်းရင်းမြစ်က ပြောသည်။
ဖေဖော်ဝါရီ ၂၃ရက်အစောပိုင်းတွင် KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၄) ၊ တပ်ရင်း (၃၄) လက်အောက်ရှိ KIAတပ်ဖွဲ့၏ လောက်ကျယ်၊ ရော်ကျိန်း နှင့် မန်ဖန်ဂိတ်စခန်း ၃ခု အပါအဝင် မန်မောက်ကျေးရွာရှိ KIO အစိုးရ၏ မန်ပွန်းတိုက်နယ်ရုံးကို TNLAက အင်အားအလုံးအရင်းသုံးပြီး KIA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ လက်နက်များသိမ်းယူခြင်း လုပ်ဆောင်ခဲ့ဟု The Kachin Sub-State Media က ဖော်ပြခဲ့သည်။
ယင်းနှင့်ပတ်သက်၍ KIA အရာရှိ တစ်ဦးကို မေးမြန်းရာ ဖြစ်စဉ်ဖြစ်ပွားခဲ့မှု ကို အတည်ပြုသည်။

Public Service Announcement
” သူတို့က KIAကို ဝင်စီးပြီးမှ။ KIA တွေက အဲဒီမှာနေတာ အင်အားနည်းနည်းပဲရှိတာ ။သူတို့က သုံးလေးရာ လာပြီးမှ ဝိုင်းပြီးမှ ရိုက်နှက်တာ။ အဲဒီလိုမျိုးပေါ့နော်။ သူတို့က တမင်သပ်သပ်ကို ပြဿနာရှာတာ”ဟု KIA အရာရှိက ပြောသည်။
KIA အနေဖြင့် အင်အားသုံးလာသည့် TNLAကို တုန့်ပြန်ရန် အထက်အမိန့်မရကြောင်း၊ ထို့ပြင် မဟာမိတ်အချင်းချင်းဖြစ်နေကြောင်း KIA အရာရှိက ပြောသည်။
” အဲဒီနယ်မြေက အရင်တုန်းကစစ်ကောင်စီနေတုန်းက ငါတို့က အဲဒီမှာ အထိုင်ချထားပြီးသား နေပြီးသား။ စစ်ကောင်စီတောင်မဟရဲတဲ့နေရာဖြစ်တယ်။ သူတို့က တကယ့်ကောင်တွေ”ဟု ၎င်းက ပြောသည်။
KIA အနေဖြင့် TNLAနှင့်တိုက်ခိုက်ပါက မည်သည့်အကျိုးမှ မရှိကြောင်း၊ KIA အတွက် သာမကပြည်နယ်ရှိ မည်သည့် လူမျိုးအတွက်မှ အကျိုးမရှိကြောင်း KIAအရာရှိက ပြောသည်။
” ကျနော်တို့ အဘက်ဘက်က စဉ်းစားလို့ သူတို့နဲ့ ရန်မဖြစ်ချင်လို့ သူတို့ကို ကြည့်နေတာ။ ပြီးတော့ ငါတို့နဲ့ သူတို့က မဟာမိတ်လည်းဖြစ်တယ်ဆိုတော့ ကျနော်တို့က ရန်လည်းမဖြစ်ချင်ဘူး”ဟု ၎င်းက ဆိုသည်။
TNLAရဲဘော်များသိမ်းသွားသည့် လက်နက်များ ပြန်လည်ရမရ အခြေအနေမေးမြန်းရာ KIA အရာရှိက “သူတို့ လက်နက်တွေ အကုန်လုံးယူသွားတယ်။ လက်နက်တွေအကုန်လုံးပြန်လာပေးတယ်။ ဒါပေမယ့် မဟာမိတ်အချင်းချင်းတော့ မလုပ်သင့်ဘူးလေ အဲဒီလို”ဟု ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း လက်နက်များ ပြန်လည်ရရှိပြီဆိုသော်လည်း ပျောက်နေသည့် လက်နက်အချို့ရှိသည်ဟု ပြောသည်။
ရှမ်းမြောက်၌ နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ KIAနှင့် TNLA တို့ မကြာခဏ ပြဿနာများ ပဋိပက္ခများဖြစ်ပွားခဲ့ရာ ဇန်နဝါရီအတွင်းက နှစ်ဖက် မြေပြင်တပ်မှူးများ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ထိုစဉ်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသရှိ KIA ဂိတ်နေရာအပါအဝင် နယ်မြေဆိုင်ရာ နှစ်ဖက်အငြင်းပွားမှုကြောင့် အောက်ခြေတပ်များအကြား ပဋိပက္ခအချို့ရှိခဲ့ခြင်းဖြစ်သည်။
ယခု မန်တုံမြို့နယ် ဖြစ်စဉ်နှင့်ပတ်သက်၍ KIAနှင့် TNLA သတင်းပြန်ကြားရေးဌာန တာဝန်ခံများကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။
မဟာမိတ်အချင်းချင်းအကြား ဖြစ်နေသည့် ပြဿနာများကို လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုအကြား အချိန်မီ အမြန်ဆုံးဖြေရှင်းသင့်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။
ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုအကြား နယ်မြေအငြင်းပွားမှုကို အရပ်သား ပြည်သူလူထုများဘက်ကလည်း တစ်ဖက်နှင့်တစ်ဖက် အမုန်းပွားစေမည့် အပြုအမူ အပြောအဆိုများ မပြုလုပ်ရန် အရေးကြီးကြောင်း၊ လူမျိုးရေး အသွင်ဆောင် သည့် ပဋိပက္ခများ မဖြစ်ရေး အားလုံး ဝိုင်းထိန်းရန်လိုအပ်ကြောင်း ဦးဇောင်ဆန်က ပြောသည်။
” မဟာမိတ်တပ်ဖွဲ့ကြားမှာ ဒီလိုမမျှော်လင့်တဲ့ ပဋိပက္ခ ပြဿနာတွေဖြစ်လေ စစ်ကောင်စီအတွက် အားသာချက် ဖြစ်သွားနိုင်တယ်။ ဒါလည်းအထူးသတိရှိဖို့ လိုအပ်ပါတယ်”ဟုလည်း ဦးဇော်ဆန်က ပြောသည်။
