မေ/People’s Spring
မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းက အမျိုးသမီးအဆောင်တွေမှာ ယခုလအတွင်း ဝမ်းရောဂါတွေဖြစ်ပွားခဲ့ပြီး ဆေးဝါးပြတ်လပ်တာတွေ ဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကတည်းက ဝမ်းရောဂါတွေဖြစ်ပွားခဲ့ရာကနေ ဆေးဝါးကုသမှုမပေးတာ၊ သောက်သုံးရေမသန့်တာနဲ့ အိပ်ခန်းတွေမှာ လူဦးရေအဆမတန်များတာတွေကြောင့် ဇန်နဝါရီလမှာ ကူးစက်မှုတွေအလွန်များခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသူတဦးရဲ့မိခင်ကပြောပါတယ်။
“ဆေးကလည်း ဆလိုင်းချိတ်ဖို့ကစပြီး အပြင်ကပို့ပေးရတယ်။ သောက်ရေကလည်း လုံးဝမသန့်ဘူးလို့သိရတယ်။ ရေသန့်ကဒ်စျေးတွေလည်းနှစ်ဆလောက်တင်ထားတယ်လို့ပြောတယ်။ အရင်က လူ၁၅၀လောက်ပဲ ဆန့်တဲ့အခန်းကို ၂၀၀လောက်စုပြုံထည့်လိုက်တော့ ကူးစက်မှုက တအားမြန်သွားတယ်”လို့ နိုင်ကျဥ်းအမျိုးသမီးတဦးရဲ့မိခင်ကပြောပါတယ်။

Public Service Announcement
တတ်နိုင်တဲ့ နိုင်ကျဥ်းမိသားစုတွေက ဆေးဝါးပို့ဆောင်တာတွေပြုလုပ်ပေးနေပြီး ယခုတပတ်မှာတော့ ရောဂါထိန်းထားနိုင်တဲ့အခြေအနေရှိပြီလို့ဆိုပါတယ်။
မန္တလေးမြို့မှာ အောက်တိုဘာလကစပြီး ဒီဇင်ဘာလအထိ ပြင်းထန်ဝမ်းရောဂါကြောင့် နေ့စဥ်လူ ၂ဦးကနေ ၅ဦးအထိ သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အိုးဘိုအကျဥ်းထောင်မှာတော့ ဒီရောဂါနဲ့သေဆုံးသူရှိ၊ မရှိကို အသေးစိတ်အတည်မပြုနိုင်ပေမယ့် ဆလိုင်းချိတ်ဖို့ လိုအပ်လို့ အလုံး၂၀အထိ အပြင်ကပို့ဆောင်ပေးရတဲ့ လူနာတွေတော့ရှိတယ်လို့ ကူညီပေးနေသူတွေဆီကသိရပါတယ်။
“အဓိက,ကတော့ သောက်ရေသန့်စေချင်တယ်ပေါ့လေ။ နောက်ပြီးအကျဥ်းထောင်ကဆရာဝန်တွေအနေနဲ့ လုံလောက်တဲ့ဆေးဝါးကုသမှုပေးစေချင်ပါတယ်။ အပြင်မှာရှိနေသူတွေလည်း ကြာလာတာတဲ့ နိုင်ကျဥ်းတွေကို မေ့မနေစေချင်ပါဘူး။ အထဲမှာအားလုံးက အခက်အခဲပေါင်းစုံနဲ့ အံတုရင်ဆိုင်နေကြပါတယ်”လို့ နိုင်ကျဥ်းအမျိုးသမီးရဲ့မိခင်က ပြောပါတယ်။
ယခုလအတွင်း ထောင်အပြောင်းအရွှေ့တွေ အိုးဘိုထောင်ကိုလည်း အများကြီးရောက်လာပြီးနေရာအကျပ်အတည်းတွေလည်းရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
