ဟန်နွေ/People’s Spring
အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့(PPST)အား ဖျက်သိမ်းပြီးနောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အပါအဝင် အပစ်ရပ်အဖွဲ့အချို့နှင့် စုဖွဲ့ထားသည့် 7 EAO Alliance တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ကိုယ်စားလှယ် ပါဝင်ခြင်းမရှိ၍ အဖွဲ့အမည်ကို ထည့်သွင်းအသုံးပြုခြင်းမပြုရန် PNLOက ယနေ့(ဇန်နဝါရီ ၁၆ရက်) ကြေညာချက် ထုတ်ပြန်သည်။
ယခု ဇန်နဝါရီအတွင်း ပြုလုပ်ခဲ့သည့် 7 EAO Alliance ၏ Online အစည်းအဝေးနှင့်ပတ်သက်ပြီး သတင်းဖော်ပြချက်အချို့တွင် 7 EAO Alliance အဖွဲ့ကို RCSS၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ဖြင့် ဖွဲ့စည်း ထားသည်ဟု ရေးသားခဲ့ခြင်းအပေါ် PNLOက ရှင်းလင်းချက်ထုတ်ပြန်ပြီး 7 EAO Allianceတွင် ပါဝင်ခြင်းမရှိကြောင်း ထပ်လောင်း အသိပေးသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် NCA စာချုပ်ကို အခြေခံ၍နိုင်ငံရေးဆွေးနွေးရန် ဖွဲ့စည်းခဲ့သည့် ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPSTတွင် အဖွဲ့ဝင်အဖွဲ့အစည်း အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း 7 EAO Alliance တွင် အဖွဲ့ဝင်အဖွဲ့အစည်း အဖြစ် ပါဝင်ခဲ့ခြင်းမရှိဟု အသိပေးသည်။

Public Service Announcement
လက်ရှိ 7 EAO Allianceတွင် အစည်းအဝေးတက်ရောက်နေသည့် ဗိုလ်မှူးကြီးခွန်ဥက္ကာသည် PNLOမှ နှုတ်ထွက်ကြောင်း ကြေညာထားသူဖြစ်ပြီး အဖွဲ့ကလည်း နှုတ်ထွက်ခွင့်ပေးထားပြီးဖြစ်၍အဖွဲ့နှင့်မဆိုင်ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောသည်။
“ကျနော်တို့ မသိဘဲ ကျနော်တို့ အဖွဲ့ချုပ်နာမည်ကို အသုံးပြုတာကတော့ တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ တဖွဲ့နဲ့တဖွဲ့ စည်းလုံးညီညွတ်မှုကို ချိန်ထိုးပြီးတော့မှ မသုံးသင့် မလုပ်သင့်တဲ့ ကိစ္စလို့ မှတ်ချက်ပြုချင်ပါတယ်”ဟု ၎င်းက ပြောသည်။
7 EAO Alliance သည် PPSTကို တရားဝင်ဖျက်သိမ်းပြီး PPST အဖွဲ့ဝင် အဖွဲ့စည်းများအားလုံး၏ သဘောတူညီချက်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းမဟုတ်ကြောင်း PNLOက ထုတ်ပြန်ပြီး PPST နှင့် 7 EAO Alliance သည် မည်သို့မျှသက်ဆိုင်ခြင်း မရှိဟု ဖော်ပြသည်။
PNLO သည် PPST တွင် ပါဝင်ခဲ့သော်လည်း 7 EAO Alliance တွင် အဖွဲ့အစည်းအနေဖြင့် ပါဝင်နေခြင်းမရှိသကဲ့သို့ ကိုယ်စားလှယ် စေလွတ်ထားခြင်းလည်း မရှိကြောင်းကို PNLO လက်ရှိ ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန် က ၂ဝ၂၄ ခုနှစ် မတ်လ ကတည်းက ပြန်လည်ရှင်းလင်းထားပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။
လက်ရှိကာလတွင် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ အဖွဲ့တွင်လည်းကောင်း၊ 7 EAO Alliance တွင်လည်းကောင်း PNLO မှ ကိုယ်စားလှယ်ပေးပို့ စေလွတ်ထားခြင်း မရှိပါဟု PNLOက ယခင်ကတည်းက ကြေညာထားပြီးဖြစ်ရာ ရပ်တည်ချက် ပြောင်းလဲမှု မရှိဟု ထပ်လောင်း အသိပေးသည်။
