ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာ လူလတ်ပိုင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းလယ်ခေါင်မှာ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဒီနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြို့ခံဆီကသိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် ၊ (စ) ရပ်ကွက် စျေးရဲ့အနောက်ဘက် ၊ ၅၉ လမ်းနဲ့ လမ်း ၆၀ ကြား ၊ ၁၂၅ လမ်းမှာ ဒီနေ့ မနက် ၆ နာရီဝန်းကျင်က အဲဒီ ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။
” သေနတ်သံကြားမှထွက်ကြည့်တော့ ကောင်လေးက ဗိုက်ပွင့်ပြီးသေနေပြီ ” လို့ အခင်းဖြစ်ရာ အနီးတဝိုက်မှာ နေထိုင်တဲ့ အမျိုးသမီးကြီးတစ်ဦးကပြောပါတယ်။

Public Service Announcement
ပစ်ခတ်သူတွေဟာ အရပ်ဝတ်တွေနဲ့ ဖြစ်ကာ လူ ၅ ဦးခန့်မနည်းရှိပြီး ဆိုင်ကယ်သမားကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ ပစ်သတ်ခံရသူရဲ့ အချက်အလက်တွေကိုတော့မသိရသေးပါဘူး။
မန္တလေးကို ပစ်မှတ်ထားဝါဒဖြန့်တဲ့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် အချို့မှာတော့ အမျိုးသားကို လုယက်မှုနဲ့ဖမ်းဆီးချိန် ဓားနဲ့ ပြန်ခုတ်တဲ့ အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာလို့ ရေးသားဖြန့်ဝေပါတယ်။
အခုလို ဖြစ်စဉ်ဖြစ်ပွားတဲ့ (စ)ရပ်ကွက်ဟာ စစ်တပ်လက်ဝေခံ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ ကြီးစိုးရာရပ်ကွက် ဖြစ်ပြီး ရပ်ကွက်ရုံးမှာလည်း ပျုစောထီးတွေ အထိုင်ချထားကြတယ်လို့သိရပါတယ်။
