ရဲခေါင်/People’s Spring
ဂန့်ဂေါခရိုင် တပ်ရင်း (၁၅၊၁၆၊၁၇)မှ ရှေ့တန်းရောက်ရဲဘော်များ၏ မိသားစုဝင်များအား စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဥ်စတင်လုပ်ဆောင်နေကြောင်း အဆိုပါတပ်ရင်းများမှ ဒုတပ်ရင်းမှူး ဗိုလ်မုတ်ဆိတ်က လူထုနွေဦးသို့ ပြောသည်။
စားနပ်ရိက္ခာထောက်ပံ့မှုတွင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့် ဆီကို အဓိကထားထောက်ပံ့ပြီး လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးသည်ဟု ဆိုသည်။
“အရင် နှစ်နှစ်ကျော်သုံးနှစ်လောက်အထိက တော်လှန်ရေးမိသားစုတွေအနေနဲ့ တောင့်ခံနိုင်ခဲ့တယ်။အခုက တော်လှန်ရေးကာလ လေးနှစ်ရှိလာပြီ။တချို့မိသားစုတွေ အခက်အခဲရှိလာတဲ့အတွက် အခုလို ထောက်ပံ့မှုတွေကို ကျွန်တော်တို့ တပ်ရင်းအနေနဲ့ စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု ဗိုလ်မုတ် ဆိတ်က ပြောသည်။

Public Service Announcement
ဂန့်ဂေါခရိုင် တပ်ရင်း (၁၅၊၁၆၊၁၇)သည် ထီးလင်းမြို့နယ်ကို အခြေစိုက်ထားပြီး ရဲဘော်အင်အား ၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
စစ်ကောင်စီစွန့်လွှတ်လိုက်ရပြီးဖြစ်သော ချင်းပြည်တောင်ပိုင်းမြို့များ နှင့် အထူးသဖြင့် မကြာသေးမီက တော်လှန်ရေးအင်အားစုများသိမ်းပိုက်ခဲ့သည့် မင်းတပ်မြို့နှင့် ထီးလင်းမြို့သည် နယ်မြေချင်းဆက်စပ်လျက်ရှိသည်။
“၂၀၂၅ ခုနှစ်မှာ ထီးလင်းမြို့အပါအဝင် ကျွန်တော်တို့ ယောဒေသအတွင်း စစ်ရှိန်မြှင့်ပါမယ်”ဟု ဗိုလ်မုတ်ဆိတ်က ပြောသည်။
မကွေးတိုင်း၏ အနောက်ဘက်ရှိ ထီးလင်း၊ဆော၊ကျောက်ထု နှင့် ကျောမြို့တို့သည် ယောဒေသအဖြစ် လူသိများသည်။
