ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အဖွဲ့တွင်း၌ တိုင်းရင်းသား မဟာမိတ်အင်အားစုများမှ ဦးဆောင်မှုထက်မြက်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းနိုင်ပါက ပိုမိုကျယ်ပြန့်သည့် တော်လှန်ရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင် မည်ဟုယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယနေ့(ဇန်နဝါရီ ၁၄ရက်)ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားသည့် ယာယီသမ္မတမိန့်ခွန်းတွင် မဟာမိတ်ဆက်ဆံရေးကဏ္ဍကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှုထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်းအားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

Public Service Announcement
ထို့ပြင် တော်လှန်ရေးအုတ်မြစ်ဖြစ်သည့် လူထုနှင့် နေ့စဉ်ထိတွေ့နေသည့်ယန္တရားများဖြစ်သော ပသုံးလုံး(ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး) အဖွဲ့များ တော်တည့်ဖြောင့်မတ် ရေးသည်များစွာအရေးကြီးကြောင်း ပြောကြားသည်။
“ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ” အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍ တွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေ အနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်းကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်းမှာကြားရင်း နိဂုံးချုပ် ပါတယ်”ဟု ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက စစ်ကောင်စီ လက်အောက်ခံတပ်သားများ ပြည်သူ့ရင်ခွင်ခိုလှုံလာရန် ဖိတ်ခေါ်ထားမှုကို ထပ်လောင်း ပြောကြားသည်။
“ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အရေးကိစ္စကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ကို ဖြိုချတဲ့နေရာနဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးခရီးမှာ အဓိကအရေးကြီးတဲ့အတွက် ထိထိရောက်ရောက်လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်”ဟု ယာယီသမ္မတက မှာကြားသည်။
