ဟန်နွေ/People’s Spring
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ဦး လက်နက်များဖြင့်အလင်းဝင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၁၀ရက်) သတင်းထုတ်ပြန်သည်။
ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးသည် ဇန်နဝါရီ ၇ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ အလင်းဝင်လာနိုင်ရန် တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ အမှတ်(၂)ရှိ PDF ရဲဘော်များကပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ဟု ဖော်ပြသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ် ၁၅လက် ယူဆောင်လာခဲ့သည်ဟု ဆိုသည်။

Public Service Announcement
စစ်ကောင်စီတပ်သားများယူလာသည့် လက်နက်များမှာ ၈၀မမ တစ်လက်၊ ၆၀မမ တစ်လက်၊ ၅၀မမ တစ်လက်၊ စက်လက် တစ် လက်၊ စနိုက်ဘာ တစ်လက်၊ MA1 ၇လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ MA4 တစ်လက်တို့ ဖြစ်သည်ဟု အသိပေးသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများ၏ လဂွန်းပျို တပ်စခန်းသည် ဘီးလင်း-ဖာပွန်ကာလမ်းအနီးတွင်တည်ရှိပြီး အဆိုပါ တပ်စခန်းကို ဇန်နဝါရီ ၇ရက်၌ သိမ်းနိုင်ခဲ့ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ချသူများရှိသကဲ့သို့ ထွက်ပြေးသွားသူများရှိသည်ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။
“လဂွန်းပျိုစခန်း သိမ်းလို့ရပြီ။ ၇ရက်နေ့ ညနေမှာနော်။ လက်နက်ခဲယမ်း အချို့လည်း ရရှိတယ်။ စကစ တပ်စွန့်ခွာလို့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတော့ မသိရဘူး”ဟု ၎င်းက ပြောသည်။
လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ဗိုလ်မှူးအဆင့်အရာရှိ ပါဝင်သည်ဟုသတင်းများရှိသော်လည်း တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်၌ အသေးစိတ်အချက်အလက်များ ဖော်ပြမထားပေ။
ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားများအနေဖြင့်လည်း အာဏာသိမ်းခြင်းကိုဆန့်ကျင် သော ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များ ထပ်မံလုပ်ဆောင်ခြင်းမပြုဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ လာရောက်ချိတ်ဆက်ပူးပေါင်းကြရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်သည်။
PDF တောင်ပိုင်းစစ်ဒေသသည် ကရင်၊ မွန်၊ တနင်္သာရီ ၊ ပဲခူး စသည့် ဒေသများ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) အပါအဝင် တော်လှန်ရေးတပ်များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
နိုင်ငံတဝန်း စစ်ရေးအရရှုံးနိမ်နေသည့် စစ်ကောင်စီတပ်မှ တပ်သားများသည် KNU အပါအဝင် တော်လှန်ရေးအင်အားစုများထံသို့ လက်နက်ချအလင်းဝင်ခြင်း၊ တိုက်ပွဲ၌ သေဆုံးထိခိုက်ဖမ်းဆီးခံရခြင်းများ မကြာခဏ ရှိနေသည်။
၂၀၂၅တွင် စစ်ရေးအရှိန်ပိုမိုမြှင့်တင်မည်ဖြစ်၍ စစ်ကောင်စီတပ်သားများ ပြည်သူ့ဘက်အမြန်ရပ်တည်ကူးပြောင်းကြရန် KNUနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်များက တိုက်တွန်းထားသည်။
