သတိုး/People’s Spring
မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း ပြောက်ကျားအဖွဲ့ Brave Warriors Myanmar (BWM) အဖွဲ့၏တာဝန်ရှိသူက ပြောသည်။
လပခကို စက်တင်ဘာ ၂၉ ရက် နံနက် ၂ နာရီခွဲတွင် BWM၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုန်း ၆ လုံးအနက် လပခအတွင်းသို့ လေးလုံးကျရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
“၂ လုံးက ဘားတိုက်ထိပြီးဘားတိုက်မှာ စခ ၆ ဦးသေတယ်။သေတဲ့ ၆ယောက်ထဲမှာ လပခထဲက ဒုတပ်ရင်းမှူးတစ်ယောက်ပါသွားတယ်လို့ သိရတယ်။ ၂၀ ဒဏ်ရာ ရပြီး အဲထဲမှာ ၄ဦးက အရေးပေါ်ဆေးရုံ ပို့ရ။ ဘားတိုက်အဆောက်အဦး ၂လုံး က လုံးဝပျက်စီး သွားတယ်။ ရှော့ဒုန်းအစတွေ စင်လို့ တခြားအဆောက်အအုံလေးလုံး နံရံပွင့်တာအမိုးလန်တာတွေဖြစ်တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အခြားရှော့တိုက်ဒုန်း နှစ်လုံးမှာ လပခကွင်းထဲကျပြီး စစ်ဆင်ရေးကားများ ထိခိုက်ပျက်စီးသည်ဟု ၎င်းက ဆိုသည်။
အဆိုပါထိခိုက်မှုများနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
BWM သည် မဟာမိတ်များဖြင့် ပူးပေါင်း၍ လပခကို ပြီးခဲ့သည့် နှစ် ဒီဇင်ဘာတွင် တစ်ကြိမ် ၊ စက်တင်ဘာတွင် ၃ ရက်နှင့် ၂၉ ရက်တွင် တစ်ကြိမ်စီ စုစုပေါင်း သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၃ ရက်တိုက်ခိုက်မှုတွင်လည်း ဗိုလ်မှူးကြီး အဆင့်တစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး တရုတ်နိုင်ငံနှင့်ပူးပေါင်းလုပ်ဆောင်နေသည့် ဒရုန်းစင်တာလည်းပျက်စီးခဲ့ကြောင်း BWM ကထုတ်ပြန်ထားသည်။
“BWM အဖွဲ့သည် ရန်သူစစ်ရှုံးကောင်စီ၏ လေတပ်များအပြင် တော်လှန်ရေးအတွက် သက်ရောက်မှုကြီးမားသည့် အခြား စစ်ရေးပစ်မှတ်ကြီးများကိုလည်း ရှာဖွေဖော်ထုတ် တိုက်ခိုက်လျက်ရှိရာ၊ တိုင်းစစ်ဌာနချုပ်များသည် သက်ဆိုင်ရာဒေသ အလိုက် ရန်သူ့တပ်ရင်းတပ်ဖွဲ့များ၏အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်များဖြစ်နေသောကြောင့် ရန်သူ၏ Chain of Command ကိုဖြတ်တောက်ဖြိုခွဲရန် ရည်ရွယ်၍ ယခုလိုတိုင်းစစ်ဌာနချုပ်များကို ရွေးချယ် တိုက်ခိုက်ရခြင်းဖြစ်သည်။” BWM ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
