သတိုး၊ဇေအောင်/People’s Spring
မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုန်း ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“၄ လုံးအောင် ၄လုံးစလုံး အထဲကျ။ ပစ်ပြီးတော့ စခကား နှစ်စီးပတ်ရှာနေတာတွေ့တယ်”ဟု ၎င်းကပြောသည်။

Public Service Announcement
ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲသံများအား တမြို့လုံးနီးပါး ကြားလိုက်ရပြီး စစ်ကောင်စီတပ်၏ ပြန်လည်ပစ်ခတ်သံများလည်း ကြားရကြောင်း မန္တလေးမြို့ခံများက ပြောသည်။
“လေးခါဆက်တိုက် ကြားလိုက်ရတယ်။ အသံတော်တော်ကျယ်တယ်။ ဒုံးရွှီးဆိုပြီး အမြင့်ကကျတဲ့အသံ၊ ပြီးတော့ပစ်သံတွေလဲကြားရတယ်။”ဟု ကျုံးအနီး နေထိုင်သူတစ်ဦးက ပြောသည်။
“၅ ချက်လောက် ကြားလိုက်ရတယ်။ ဘယ်နေရာကျတယ်တော့သတင်းမကြားသေးဘူး။”ဟု မန္တလေးမြောက်ပြင်၌ နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။
အဆိုပါစစ်ဆင်ရေးကို ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက် ၂ နာရီခွဲတွင် BWM၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၂၂)ကြိမ်မြောက်စစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု BWM ကထုတ်ပြန်ထားသည်။
“BWM အဖွဲ့သည် ရန်သူစစ်ရှုံးကောင်စီ၏ လေတပ်များအပြင် တော်လှန်ရေးအတွက် သက်ရောက်မှုကြီးမားသည့် အခြားစစ်ရေးပစ်မှတ်ကြီးများကိုလည်း ရှာဖွေဖော်ထုတ် တိုက်ခိုက်လျက်ရှိရာ၊ တိုင်းစစ်ဌာနချုပ်များသည် သက်ဆိုင်ရာဒေသ အလိုက် ရန်သူ့တပ်ရင်းတပ်ဖွဲ့များ၏အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်များဖြစ်နေသောကြောင့် ရန်သူ၏ Chain of Command ကိုဖြတ်တောက်ဖြိုခွဲရန် ရည်ရွယ်၍ ယခုလိုတိုင်းစစ်ဌာနချုပ်များကို ရွေးချယ် တိုက်ခိုက်ရခြင်းဖြစ်သည်။” ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တော်လှန်ရေးအင်အားစုများဘက်မှ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သည် စစ်ကောင်စီ အဓိကအားထားရသည့်နေရာဖြစ်လာပြီး ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ဆုံးရှုံးခဲ့ရမှုများနှင့် သိက္ခာကျမှုများကို ပြန်လည် အဖတ်ဆည်ရန် တရုတ်အစိုးရ အကူအညီဖြင့် မြောက်ပိုင်းအဖွဲ့များကို ရပ်တန့်ရန်ဖိအားပေးခဲ့သလို ရန်နိုင်မင်းစစ်ဆင်ရေးဟု ကြွေးကြော်ကာ လပခ ၏အင်အားကိုလည်း အစွမ်းကုန် ဖြည့်တင်းထားကြောင်းသိရှိရသည်ဟု ယင်းအဖွဲ့ကဆိုသည်။
ယင်းစစ်ဆင်ရေးတွင် ပါဝင်သူအားလုံးဘေးကင်းပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုကိုစုံစမ်းဆဲဖြစ်ကြောင်း BWM မှတာဝန်ရှိသူက ပြောသည်။
BWM နှင့် Shadow Mandalay အဖွဲ့သည် စက်တင်ဘာ ၃ ရက်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ဆင်ရေး၌ ဗိုလ်မှုးကြီး အဆင့်အပါအဝင် ၇ ဦးသေဆုံးကာ တရုတ်နှင့်ပူးပေါင်းလုပ်ဆောင်နေသည့် အကြီးစား Drone Center တစ်ခုပျက်စီးသွားခဲ့သည်ဟုအဖွဲ့မှတာဝန်ရှိသူများကပြောသည်။ထိုကြောင့်လပခကို တစ်လအတွင်း၂ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
BWM နှင့် Shadow Mandalay အဖွဲ့သည် စက်တင်ဘာ ၃ ရက်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
BWM အနေဖြင့် ယခုနှစ်အတွင်း မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်း၍ တောင်ငူလေတပ်စခန်း ၊ အေလာလေတပ်စခန်း နှင့် တံတားဦးလေတပ်စခန်းတို့ကို ရှော့တိုက်ဒုန်းများဖြင့် ခြောက်ကြိမ်တိုက်ခိုက်ထားသည်။
