“အထိအခိုက် နည်းနည်းနဲ့ ချေမှုန်း နိုင်တာ စည်းလုံးမူ့,စုဖွဲ့မူ့,ညီညွတ်မူ့ ကြောင့်ပါပဲဗျ”
— တာဝန်ရှိသူ (မုံရွာခရိုင်အမှတ်၂၀တပ်ရင်း BOB)
ဘုတလင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၅ ဦးကျော်သေဆုံးပြီး စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိကာလက်နက်မျိုးစုံ ၅၇ လက်နက် နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်း ကအောက်တိုဘာ ၁ ရက်ညတွင် ထုတ်ပြန်သည်။
စက်တင်ဘာလ(၃၀)ရက်နေ့ ဘုတလင်မြို့နယ် ကူတော်ရွာရှိစစ်ကောင်စီတပ် စခန်းကုန်းသို့ မြေပြင်စစ်ကူလာသော အင်အား(၈၀)ကျော် ပါစစ်ကူစစ်ကြောင်းသည် ဘုတလင်မြို့သို့ ပြန်လည်ဆုတ်ခွာရာ တော်လှန်ရေးတပ်ပေါင်းစုများက ဘုတလင်-ကူတော် လမ်းတဝက်တစ်နေရာတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီ ၄၃မိနစ်မှ ညနေ ၅နာရီ ၄၀ မိနစ်အချိန်ထိ (၅) နာရီကြာခဲ့ပြီးစစ်ကောင်စီတပ်မှအရှင်(၄၃)ဦး၊အသေ(၃၅)ဦးကျော်နှင့်အတူ ပစ္စတို (၁)၊လက်နက်ငယ် (၅၄)လက်၊၆၀မမ စိန်ပြောင်း(၂)လက်၊ဒရုန်း(၃)စီး၊ဂျန်မာစက်(၂)လုံးနှင့်အတူ ဆက်စပ် ခဲယမ်း ပစ္စည်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်းမုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း( Battalion of butalin- BOB) ကအသိပေးသည်။
ထိုအပြင်တိုက်ပွဲတွင်လက်နက်ယူ၍ ထွက်ပြေးလွတ်မြောက် သွားသောစစ်ကောင်စီတပ်သား ၅ ဦး ခန့်ရှိနိုင်ကြောင်းမုံရွာခရိုင် အမှတ်၂၀ တပ်ရင်း BOB မှတာဝန်ရှိသူကပြောသည်။
တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်လေကြောင်းပစ်ကူ အပြင်းအထန် တိုက်ခိုက် ခုခံခဲ့သော်လည်း ပူးပေါင်းတပ်များထိခိုက်မှုမရှိဟုဆိုသည်။
စစ်သုံ့ပန်းများတွင် သုံးပွင့် ဗိုလ်ကြီးနှင့် တစ်ပွင့် ဒုအရာခံ ဗိုလ်တစ်ဦးပါဝင်ကြောင်း PDF အချို့ကပြောသည်။
“ဗိုလ်နှစ်ကောင်နဲ့အတူမိတာ ၄၅ ယောက်။ ရုပ်အလောင်းတွေကတော့ ပျံ့ကြဲနေတာ။ လက်နက်နဲ့ ထွက်ပြေးနေတာတွေလည်း ရှိနေတယ်။ ပြည်သူတွေကို သတိပေးထားတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သို့ အောက်တိုဘာ ၁ ရက်မနက်ပိုင်းတွင်ပြောသည်။
စစ်ကြောင်းတစ်ခုလုံးပျက်သွားသောစစ်ကောင်စီတပ်ကိုမုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနှင့်အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF (ကျောင်းသားတပ်)၊BMT(ဘုတလင်မိုဘိုင်းလ်တီးမ်)၊ FRF ၊မုံရွာခရိုင် ဗျူဟာ ၆၆(၁၉၊၂၁၊၂၆)၊ PLA (ကွန်မြူနစ်တပ်)၊ BLDF၊ 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ရေဦး၊ဒီပဲယင်း ပကဖများ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နှင့်အတူ တခြားမဟာမိတ်အဖွဲ့များ ကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
“အထိအခိုက် နည်းနည်းနဲ့ ချေမှုန်း နိုင်တာ စည်းလုံးမူ့,စုဖွဲ့မူ့,ညီညွတ်မူ့ ကြောင့်ပါပဲဗျ”ဟုမုံရွာခရိုင် အမှတ်၂၀ တပ်ရင်း BOB မှ တာဝန်ရှိသူ ကစစ်တပ်စစ်ကြောင်းတခုလုံးကို တော်လှန်ရေးတပ်များကအထိအခိုက်နည်းနည်းဖြင့်ချေမှုန်းနိုင်ခဲ့သည့်အကြောင်းရင်းကိုပြောသည်။
ထိုစစ်ကူစစ်ကြောင်းသည် ကူတော်ရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက စက်တင်ဘာ ၂၀ ရက်ကတိုက်ခိုက်စဥ် ဘုတလင်မြို့မှ စစ်ကူလာကြခြင်းဖြစ်သည်။ဘုတလင်မြို့နယ်၊ကူတော်ရွာရှိစစ်တပ်စခန်းကုန်းအား မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနှင့်အတူ မဟာမိတ် တော်လှန် ရေး တပ်ပေါင်းစုများက စက်တင်ဘာ
၂၀ ရက်တွင်မနက် ၇နာရီ မှ နေ့လယ် ၂နာရီချိန်ထိ (၇) နာရီကြာ ထိုးဖောက်တိုက်လိုက်၍စခန်းသိမ်း တိုက်ပွဲဆင်နွှဲ့ခဲ့သည်။
စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူ ၁၂ ကြိမ်ပေးပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဘုတလင်မြို့မှ အင်အား (၈၀)ကျော်ပါ မြေပြင်စစ်ကူလာခဲ့သောကြောင့် တော်လှန်ရေး တပ်ပေါင်းစုများက ဆုတ်ခွာ ပေးခဲ့ရသည်။ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးခဲ့သည်။
ထိုစခန်းကုန်းမှာစစ်ကူစစ်ကြောင်းသည် ဘုတလင်မြို့သို့ စက်တင်ဘာ ၃၀ အပြန်တွင် တော်လှန်ရေးပူးပေါင်းတပ်မျာက စစ်ကြောင်းတစ်ခုလုံးပျက်သွားအောင်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
“ပြည်သူတွေကို ပြောချင်တာထက် တော်လှန်ရေး တပ်ဖွဲ့တွေ အနေနင့် စည်းလုံးမှုရဲ့ ရလဒ်ကို မြင်ပြီး ကျန်တာတွေ ဘေးချိတ်ထား ပန်းတိုင်ကို ရောက်ဖို့ အခု ချိန်က စည်းလုံးမူ့ ဟာ အရေးကြီးဆုံးပဲဆို ပြောချင်တယ်။ ပြည်သူတွေကိုတော့ ဆက်လက် တာဝန်ကျေပေးကြပါဦးလို့ အားနာနာ နင့် ပြောချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
