People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ဖိုးချိမှူး(ဖူ့ချိမူ)စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ကျော်တွေ့ရှိခဲ့ကြောင်း စခန်းသိမ်းတိုက်ခိုက်မှု၌ ပါဝင်သည့် Special Operation Group (SOG) တပ်ဖွဲ့က မေလ ၂၅ရက်တွင် ထုတ်ပြန်သည်။
၂၇ နှစ်အကြာတပ်စွဲထားပြီး အင်အား ၁၀၀ခန့် ရှိသည့် အဆိုပါတပ်စခန်းကို မေလ ၁၉ ရက်တွင် KNLAနှင့် SOGပူးပေါင်းတော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး ရန်အောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ တပ်စခန်းကို လအတန်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မေလ ၁၉ရက် နံနက်တွင် စခန်းစွန့်ခွာထွက်ပြေးစဉ် ၄၈ဦးက လက်နက်ချခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စစ်ကောင်စီတပ်သား ၃၀ ကျော်ထွက်ပြေးလွတ်မြောက်ကာ စခန်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ရှိရဟု အသိပေးသည်။
ယခု သိမ်းပိုက်ခဲ့သည့် ဖူ့ချိမှုစခန်း၏ မြောက် ဘက်ရှိ ကျိုက်ဒုံမြို့အခြေစိုက်စစ်ကောင်စီဗျူဟာကုန်းစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်က မတ်လလယ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ထိုစဉ်ကလည်း ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ဦးလက်နက်ချ အညံ့ခံခဲ့သည်။

ထိုင်း – မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာအနီးတွင်ရှိ အင်အား ၁၀၀ခန့်ရှိသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ-၅၅၈)၊(ခမရ-၅၆၁)နှင့် ခြေလျင်တပ်ရင်း(ခလရ-၉၉၃)တို့ အထိုင်ချတပ်စွဲထားသော ဖူ့ချိမူတပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက မေလ ၁၈ရက်နှင့် ၁၉ရက်တွင်တိုက်ခိုက်ခဲ့သည်။
ဖူ့ချိမူတပ်စခန်းမှ စစ်ကောင်စီတပ်သား ၃၉ဦးမှာ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးသွားကြောင်း တောင်ပိုင်းစစ်ဒေသ၊ ကော့ကရိတ်မြို့နယ်ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။
သို့သော် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများက လမ်း၌တွေ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးအား သတ်ဖြတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

” ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆေးခန်းလာပြတာပေါ့။ သူ့ကိုလိုက်ပို့တဲ့ ဆိုင်ကယ်ကယ်ရီသမားဦးလေးရော။ အသက်(၂၀)အရွယ်ရွားသားတစ်ဦးရော နှုတ်ပိတ်တဲ့အနေနဲ့ သတ်သွားတာ”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။
ထို့ကြောင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သား ၃၉ဦးအား KNLA ပူးပေါင်းတပ်များက လိုက်လံရှာဖွေနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ထိုင်းနယ်စပ်ကို ထွက်ပြေးနေတယ်လို့ သိရတယ်။ လက်ရှိမှာတော့ ကျိုက်ဒုံမှာ စစ်ကောင်စီတပ် စခန်းတွေ မရှိတော့ဘူး။ စကစကင်းစင်နယ်မြေဆိုတာ ခုထွက်ပြေးနေတဲ့ စစ်သားတွေရှိနေသေးလို့ ပြောရခက်တာပေါ့”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံဗျူဟာကုန်းအား ပြီးခဲ့သည့် မတ်လ ၁၄ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး နှင့် အရာရှိကြီး ၁၂ဦး အပါအဝင် ၆၆ဦး လက်နက်ချ အညံ့ခံသည်။ ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် ကျိုက်ဒုံမြို့၌ နောက်ဆုံးလက်ကျန်ဖြစ်သော ဖူ့ချိမူတပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက မတ်လ ၁၄ရက်နောက်ပိုင်းကစ၍ ပိတ်ဆို့ထားရာ မေလ ၁၇ရက်တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
