ဟန်နွေ/People’s Spring
ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ် ရှိ ဘာသာရေးဆရာ လေးဦးကို စစ်ကောင်စီတပ်က ဇူလိုင်အတွင်း ဖမ်းဆီးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပြီး ယင်းအနက် နှစ်ဦးပြန် လွတ်မြောက်လာကြောင်း အသိပေးသည်။
စစ်ကောင်စီတပ်ဖွဲ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဘာသာရေးဆရာ သုံးဦးကို ဇူလိုင် ၂၆ရက်က အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
ယင်းသို့ ဖမ်းဆီးထားသူများအနက် ဆရာဆွတ်အောင်ကို ပြန်လွှတ်ပေးခြင်းမရှိဘဲကျန် ဘာသာရေးဆရာ နှစ်ဦးကို ဇူလိုင် ၂၇ရက်တွင်ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။
ဇူလိုင် ၁၇ရက်ကလည်း ဝိုင်းမော်မြို့နယ် KBC ဥက္ကဋ္ဌကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း KIA သတင်းပြန်ကြားရေးဌာန က ဖော်ပြသည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီက ဘာသာရေးဆရာ နှင့် ပြည်သူများကို ပစ်မှတ်ထား အကြောင်းမဲ့ ဖမ်းဆီးမှုများရှိနေ၍ ပြည်သူများ စိုးရိမ်နေကြရသည်ဟု အသိပေးထားသည်။
စစ်ကောင်စီသည် KBC ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာခလမ်ဆန်ဆွန်ကိုလည်း ၂၀၂၂ ဒီဇင်ဘာက ဖမ်းဆီးခဲ့ပြီး ယခုနှစ် ဧပြီ ၁၇တွင် ပြန်လွှတ်ပေးခဲ့သည်။ ယင်းသို့ ပြန်လွှတ်ပေးသည့် နေ့တွင် စစ်ကောင်စီက ဒေါက်တာခလမ်ဆန်ဆွန်ကို အကြောင်းမဲ့ ပြန်လည်ဖမ်းဆီးခဲ့ပြီး ၃လအကြာ ထပ်မံ ထိန်းသိမ်းကာ ယခုဇူလိုင်နောက်ဆုံးပတ်တွင် ပြန်လွှတ်ပေးခဲ့သည်။
