အင်ကြင်း/People’s Spring
မန္တလေးတွင် စက်သုံးဆီဆိုင်အချို့ပိတ်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းတို့ကြောင့် ဝယ်ယူသူများ အချိန်ပေးတန်းစီကာ ပြန်လည်ဝယ်ယူနေရကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဇူလိုင်၂၉ရက်)မှစတင်ကာ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ ဆီမရ၍ဆိုကာ ပိတ်ထားခြင်း၊ ကားနှင့်ဆိုင်ကယ်များအား လိုသလောက် ရောင်းချပေးခြင်းမရှိဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေခြင်းများကြောင့် ဖွင့်သည့်ဆိုင်များအား စုပြုံတိုးဝှေ့ကာ ဝယ်ယူနေရသည်ဟု မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement
“ရောင်းပေးတဲ့ဆိုင်က နည်းနည်းပဲ။ ကားတန်းကြီးကိုမနည်းဘူး။ အခုညနေပိုင်းဆို မြို့ထဲကဆိုင်တွေတဆိုင်မှာမရတော့ဘူးပြောတယ်။”ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရောင်းပေးသည့်ဆိုင်များကလည်း ဆိုင်ကယ်တစ်စီးလျှင် ကျပ်ငါးထောင်ဖိုး၊ ကားတစ်စီးလျှင် ကျပ်ငါးသောင်းဖိုးဖြင့် အကန့်အသတ်ဖြင့်သာရောင်းချပေးကြောင်း မြို့ခံများက ဆိုသည်။
ပြင်ပတွင်လည်း ဓာတ်ဆီပေါက်စျေးများမြင့်တက်လာပြီး 92တစ်လီတာလျှင် ၄၇၀၀ ကျပ်ဝန်းကျင်ဖြစ်နေကြောင်း မြို့ခံအချို့က ပြောသည်။
အလားတူ ရန်ကုန်နှင့် မြို့ကြီးအချို့တွင်လည်း စက်သုံးဆီဝယ်ယူရခက်ခဲနေပြီး ဆီဆိုင်များ၌ တန်းစီဝယ်ယူသူများပြားနေကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က ဓာတ်ဆီအား ၎င်းတို့သတ်မှတ်နှုန်းထားအတိုင်း ရောင်းချခိုင်းထား၍ ဒေါ်လာစျေးများမြင့်တက်ကာ စျေးကမောက်ကမဖြစ်တိုင်း စက်သုံးဆီများ မကြာခဏ ဝယ်ယူရခက်ခဲလေ့ရှိသည်။
